မြစ်ကြီးနား၌ တိုင်းလေရိုးရာအိုးစည်အက “ကာ့ဟန်ဂေါင်” သင်တန်းဖွင့်လှစ်
- မြစ်ကြီးနားမြို့
- 11 July 2026
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းလေစာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် "တိုင်းလေရိုးရာအိုးစည်အက (ကာ့ဟန်ဂေါင်)" သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြား ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ မိုးကောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မောင်လွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းလေ စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များ၊ အခြားတိုင်းရင်းသားမျိုးနွယ်စုများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းလေလူမျိုးတို့၏ "အိုးစည်အက (ခေါ်) ကာ့ဟန်ဂေါင်" သည် ရှမ်းယဉ်ကျေးမှု နယ်ပယ်တွင် ထင်ရှားပြီး အဖိုးတန်လှသည့် ရိုးရာအကအလှတစ်ခုဖြစ်ကြောင်း၊ ရှမ်းလူမျိုးတို့က ဗုံနှင့် အိုးစည်ကို "ဂေါင်" (Kong) ဟု ခေါ်ဆိုကြပြီး သစ်သားအခေါင်းပွကို သားရေဖြင့် စနစ်တကျ ပြုလုပ် ထားသော အဆိုပါ "ဂေါင်" ၏ အသံသည် ရှမ်းလူမျိုးတို့၏ ရင်တွင်းဖြစ် ဂီတသံစဉ်တစ်ခုပင် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးက တိုင်းလေလူမျိုးတို့၏ ရိုးရာအိုးစည်အကတွင် ကြက်ဖခွပ်၊ ကြက်ယက် နှင့် ဒေါင်းအလှကကွက်များ အပါအဝင် ထူးခြားဆန်းသစ်သည့် ကကွက်ပေါင်း (၁၂) မျိုးခန့် ရှိသည်မှာ အလွန်အံ့မခန်းဖွယ်ရာ ဖြစ်ကြောင်း၊ အထူးသဖြင့် အိုးစည်သံ၊ လင်းကွင်းသံ၊ ကြေးမောင်းသံများနှင့် အတူ ဟန်ချက်ညီညီ သွက်လက်တက်ကြွပြီး သပ်ရပ်လှပစွာ ကပြမှုများသည် ရှမ်းလူမျိုးတို့၏ စည်းလုံး ညီညွတ်မှုကို အကောင်းဆုံး ဖော်ညွှန်းပြသနေခြင်းဖြစ်၍ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လည်း ရိုးရာအကဟန်များကို ကျွမ်းကျင်စွာ သင်ယူရုံသာမက ယဉ်ကျေးမှုအနှစ်သာရကို နားလည် မြတ်နိုးကာ ဆက်လက်ထိန်းသိမ်းသွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးခင်မောင်ထွန်း က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြရာတွင် “တိုင်းလေလူမျိုးတို့၏ ရိုးရာအိုးစည်အကနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးဆက်သစ် လူငယ်များအကြား ရိုးရာယဉ်ကျေးမှုအပေါ် တန်ဖိုးထားမြတ်နိုးစိတ် မြှင့်တင်ရေး၊ ရိုးရာအကကို စနစ်တကျ ဆက်လက်သင်ကြားပေးနိုင်မည့် အနုပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးတို့ကို အဓိကရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများက တိုင်းလေလူမျိုးတို့၏ ရိုးရာအိုးစည်အက "ကာ့ဟန်ဂေါင်" ကို သရုပ်ပြကပြခြင်း၊ရှမ်းအကအလှအဖွဲ့များမှလည်းတေးသီချင်းများဖြင့် ကပြတင်ဆက်ခဲ့ကြသည်။
ယင်းသင်တန်းကို နည်းပြ ၆ ဦးက သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား စနေနှင့် တနင်္ဂနွေနေ့များ တွင် သင်ကြားပို့ချပေးမည်ဖြစ်ပြီး ရိုးရာအကဟန်များ၊ အိုးစည်တီးခတ်နည်းများနှင့် ရှေးမူမပျက် ရိုးရာအကဟန်များကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပါသည်။