ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

28 JUL

မြစ်ကြီးနားမြို့၌ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

  • မြစ်ကြီးနားမြို့
  • 28 July 2026

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေနှင့် ဘာသာစကား ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားဘာသာနှင့် မြန်မာ ဘာသာ (၂)မျိုးဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြား ရာ၌ ယခုကဲ့သို့ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ထုတ်ဝေဖြန့်ချိပေးရခြင်းမှာ ကလေးငယ်များ မိမိတို့၏ မိခင်ဘာသာစကားနှင့် စာပေကို ငယ်စဉ်ကတည်းက ပိုမိုစိတ်ဝင်စား သင်ယူလိုစိတ် တိုးပွားလာစေရန်၊ မူလတန်းပညာရပ်များ သင်ကြားရာတွင် အထောက်အကူဖြစ်စေပြီး ကျောင်းထွက် နှုန်းများကို လျှော့ချနိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်းအကြား စည်းလုံးညီညွတ်မှု၊ ချစ်ကြည် လေးစားမှုများကို ပိုမိုခိုင်မြဲလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ (၄)ကြိမ်တိုင်တိုင် စုစုပေါင်း (၉၂,၈၃၈) အုပ် ပေးအပ်ဖြန့်ဝေနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပဉ္စမအကြိမ်အဖြစ် ဂျိန်းဖော့၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး၊ တိုင်းလေနှင့် တိုင်းခမ်းတီ စသည့် တိုင်းရင်းသားပုံပြပုံပြင် စာအုပ် စုစုပေါင်း (၃၈,၇၃၁)အုပ်ကျော်ကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကလေးငယ်များ၏ လက်ဝယ်သို့ အမှန်တကယ် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဝိုင်းဝန်းဖြန့်ဖြူးပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က ပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ စကားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည် တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားကလေးငယ်များ မိမိတို့၏ မိခင်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုကို ပိုမိုမြတ်နိုးတန်ဖိုးထားလာစေရန် ဒီတိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းရင်းသားဘာသာနှင့် မြန်မာ ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် ဂျိန်းဖော့ (၈,၅၇၇) အုပ်၊ လာချိဒ် (၃,၀၇၁)အုပ်၊ လော်ဝေါ် (၇,၆၅၀) အုပ်၊ လီဆူ (၂,၂၃၃) အုပ်၊ ရဝမ် (၉,၂၀၀) အုပ်၊ ဇိုင်ဝါး (၁,၂၀၀) အုပ်၊ တိုင်းလေ (၄,၈၀၀) အုပ်နှင့် တိုင်းခမ်းတီ (၂,၀၀၀) အုပ် စုစုပေါင်း (၃၈,၇၃၁) အုပ်ကို သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ ခေါင်းဆောင်များထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များအားလုံး ကိုယ်စား လော်ဝေါ်စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးဒေါင်ဟောင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။