ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးသတင်းများ

  • 28
  • SEP

  • 28 September 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေး ဂေဟာနှင့် သက်စမ်းရေပရဟိတဂေဟာသို့ သွားရောက်ခဲ့ပြီး ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကာ ပရဟိတဂေဟာများတွင် ပညာသင်ကြားလျက်ရှိသော တိုင်းရင်းသားလူငယ် မောင်မယ်များအား အားပေးလမ်းညွှန် စကား ပြောကြားခဲ့ပါသည်။နံနက် (၉၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ရှိ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်ခဲ့ပါသည်။ပထမဦးစွာ ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလေးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကျောင်းသား/ကျောင်းသူ လူငယ်များအား အားပေးလမ်းညွှန်စကားပြောကြားရာတွင် covid-19 ရောဂါသည် လုံးဝကွယ်ပျောက်သွားခြင်းမရှိသေးသည့်အတွက် အထူးဂရုပြုရန် လိုအပ်ပါကြောင်း၊ ပရဟိတကျောင်းများနေဖြင့် သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားရှိရန် လိုအပ်ပါ ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပါကြောင်း၊ လူမျိုးရေးနှင့် ဘာသာရေးမခွဲခြားရန် လိုအပ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်တတ်ရန် အလွန် အရေးကြီးပါကြောင်း၊ ကလေးသူငယ်များအနေဖြင့် မိမိကိုယ်ကို အားငယ်စိတ်မထား ကြရန်နှင့် ပညာကိုကြိုးစားရှာဖွေကြရန် မှာကြားလိုပါကြောင်း၊ ဘုရားတရားမမေ့ရန်လည်း အရေးကြီးပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကြယ်ပွင့် ကလေးများဖြစ်သည့်အတွက် အခြားသူများကို အလင်းပေးနိုင်သူဖြစ်အောင် ရည်မှန်းချက် ထားရှိရမည်ဖြစ်ပါကြောင်း၊ သစ်ပင်ငယ်များပြုစုပျိုးထောင်ရာတွင် ငယ်စဉ်ကပင် ဖြောင့်တန်းနေရန်အတွက် ပြုပြင်ပေးရသကဲ့သို့ ကလေးငယ်များပြုစု ပျိုးထောင်ရာ တွင်လည်း ငယ်စဉ်ကပင် ကောင်းမွန်စွာ ဆုံးမသွန်သင်ရမည်ဖြစ်ပါကြောင်း၊ ငယ်စဉ် ကတည်းကပင် အကျင့်စာရိတ္တကောင်းမွန်အောင် နေထိုင်ရမည်ဖြစ်ပြီး စည်းကမ်း ကောင်းအောင်ပြုမှုနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိဘ၊ ဆရာများ၏ ကျေးဇူးကို သိတတ် ရမည်ဖြစ်ပြီး မိမိလူမျိုး၊ မိမိတိုင်းပြည်အတွက် အကျိုးပြုကြရမည်ဖြစ်ကြောင်း အားပေး လမ်းညွှန်စကား ပြောကြားခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ကရုဏာသစ်လူငယ်ပရဟိတဖွံ့ဖြိုးရေးဂေဟာသို့ ဆန်(၁၀)အိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလေးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ပရဟိတဂေဟာအတွင်း တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာမများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ မြို့ပတ်လမ်းရှိ သက်စမ်းရေပရဟိတဂေဟာသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကဖြင့် ကြိုဆိုခဲ့ကြပါသည်။၎င်းနောက် အဆိုပါ ပရဟိတဂေဟာခန်းမတွင် ကျောင်းသူကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပထမဦးစွာ ဆရာတော် ဦးမိုးဇက်က အဖွင့်ဆုတောင်းပေးခဲ့ပြီး သိက္ခာတော်ရဆရာတော် ဦးကျော်ကျော်က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူလူငယ်များအား အားပေးလမ်းညွှန်စကားပြောကြားရာတွင် ပထမဦးစွာ ကျေးဇူးတော်ကို ချီးမွမ်းတတ် ရမည်ဖြစ်ပါကြောင်း၊ ဘရားသခင်၏ကျေးဇူးတော်ကြောင့် ဤနေရာရှိ သား/သမီး၊ ကျောင်းသား/ကျောင်းသူများ ပညာကို အေးချမ်းစွာသင်ယူနေကြရခြင်းဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ပညာကို ကြိုးစားသင်ယူကြပြီး မိမိဘဝကို မိမိကိုယ်တိုင်ကြိုးစား တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ အနာဂတ်ရည်မှန်းချက်များထားရှိပြီး ရှင်သန်နေထိုင် ကြရန် အရေးကြီးပါကြောင်း၊ လုပ်ဆောင်သည့်အရာတိုင်းကို စေတနာထားပြီး လုပ်ဆောင် ကြရန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးသည် လည်းအရေးကြီးပါကြောင်း၊ မျှမျှတတနှင့် သဘောထားကြီးသူများ၊ ကိုယ်ချင်းစာစိတ်ရှိသူများဖြစ်လာစေရန် အစဉ်တစိုက် မိမိကိုယ်ကို ပြုပြင်နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ရန်လည်း အလွန်အရေးကြီး ပါကြောင်း၊ စည်းကမ်း ကောင်းမွန်ရန်နှင့် မိဘ၊ ဆရာသမားများ၏ ကျေးဇူးကို သိတတ် ရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ကိုချစ်မြတ်နိုးစိတ်၊ မိမိတို့တိုင်းပြည်တိုးတက်စေလိုသော စိတ်ဖြင့် အစဉ်ရှင်သန်နေရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးကျော် စုစည်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ကို အစဉ်အမြဲ မှတ်သားထားရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဘုရားရှင်ကြွလာသည့်အချိန်တွင် ကောင်းကင်သမန်များမှ “မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အားမေတ္တာ ကရုဏာရှိစေသတည်း” “Peace on Earth and Goodwill towards man” ဟု ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးကို ရရှိစေရန် အားလုံးဝိုင်းဝန်လုပ်ဆောင် ကြရမည်ဖြစ် ပါကြောင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု မရှိစေရန် လွန်စွာအရေးကြီး မှာကြားလိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို ကြိုးစား သင်ယူကြရန်နှင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နှင့် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ ကြိုးစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက သက်စမ်းရေပရဟိတဂေဟာသို့ ဆန်(၁၀) အိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ သိက္ခာတော်ရဆရာတော် ဦးကျော်ကျော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလက်မှတ်ကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သိက္ခာတော်ရ ဆရာတော် ဦးမိုးဇက်က ဆုတောင်းခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • MAR

  • 07 March 2022
  • နေပြည်တော်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ (၇) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနအစီအစဉ်ဖြင့် ဖွင့်လှစ်မည့် ဌာနတွင်းအခြေခံကွန်ပျူတာ သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနေ့ ဖြစ်ပါကြောင်း၊ “တတ်သင့်တတ်အပ်သည့် အတတ်ပညာများကို တတ်မြောက်ခြင်းသည် မင်္ဂလာတစ်ပါး” ဟူသည့် ဆိုရိုးစကားနှင့်အညီ ယနေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်တွင်ပါဝင်သည့် လူမှုရေးဦးတည်ချက်၏ စတုတ္ထ အချက်ဖြစ်သော "ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး" ဆိုသည့် ဦးတည်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနတွင်း၌ ဘက်စုံထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်၊ ဝန်ထမ်းများ ရုံးလုပ်ငန်းအထောက်အကူပြု ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဤသင်တန်းကို ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် နည်းပညာဖွံ့ဖြိုးမှုသည် တစ်နေ့ထက် တစ်နေ့ ပြောင်းလဲတိုးတက်လာပြီး (Global Village) ကမ္ဘာကြီးက ရွာကြီးတစ်ရွာသဖွယ် ထိတွေ့ ဆက်ဆံမှုများ ပိုမိုလျင်မြန်လာနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယနေ့ကာလတွင် ဝန်ကြီးဌာနအတွင်းဖြစ်စေ၊ အခြားမိတ်ဖက်ဝန်ကြီးဌာနနှင့်ဖြစ်စေ၊ နိုင်ငံတကာအစိုးရများနှင့် ဖြစ်စေ၊ NGO၊ INGO၊ CSO တို့နှင့်ဖြစ်စေ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမို လွယ်ကူလျင်မြန်စေရန် ကွန်ပျူတာစွမ်းရည်သည် မရှိမဖြစ် လိုအပ်နေပြီး မိမိတို့ဌာနအနေဖြင့် တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သောကြောင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှဝန်ထမ်းများက အစပြုပြီး လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ပေါက်စေရန်နှင့် သက်ဆိုင်ရာပညာရပ်များတွင်လည်း ယခင်ထက် ကျွမ်းကျင်တတ်မြောက် စေရန်အတွက် သင်တန်းများစဉ်ဆက်မပြတ် ဆက်တိုက်ဖွင့်လှစ်ပေးရမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပေးမှုများအပေါ် အခြေခံပြီး အခြေခံပညာရပ်မှတဆင့် အဆင့်မြင့်ပညာရပ် များကို ဆက်လက်လေ့လာသင်ယူမှုများ၊ လေ့ကျင့်မှုများ ပြုလုပ်သွားကြမည်ဆိုပါက ရုံးလုပ်ငန်းတွင် ကွန်ပျူတာကျွမ်းကျင်သည့် အရာထမ်း၊ အမှုထမ်းများ ဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ဝန်ထမ်းများဖြစ်ရန် ကွန်ပျူတာကို သင်တန်းဆင်းပြီးသည့် နောက်ပိုင်းတွင်လည်း လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်ရင်း လေ့လာသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုသင်တန်းမှ ထူးချွန်သင်တန်းသား (၃)ဦးကို စိစစ်ရွေးထုတ်ပြီး ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ဤသင်တန်း အောင်မြင်ပြီး မြောက်အောင် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ပေးကြသည့် သင်တန်းမှူး၊ သင်တန်းနည်းပြ နှင့်တကွ တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းကို ပြောကြားလိုပါကြောင်း၊ ရာထူး၊ အဆင့်၊ တာဝန်မခွဲခြားဘဲ အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်ခြင်း များ အစဉ်တစိုက် ဆောင်ရွက်ကြပြီး မိမိဘဝတိုးတက်ရေး၊ မိမိဌာန တိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအထိ နိုင်ငံ့သားကောင်းများနှင့် နိုင်ငံ့ဝန်ထမ်းများပီပီ သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကွန်ပျူတာအကြောင်း သိကောင်း စရာသတင်း၊ Information Technology (IT)ခေတ်တွင် ကွန်ပျူတာသည် မရှိမဖြစ် အသုံးဝင် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကွန်ပျူတာအခြေခံကောင်းမှ အဆင့်မြင့်တက်လှမ်း နိုင်မည်ဖြစ်ပါကြောင်း၊ ကွန်ပျူတာနှင့် ဆက်စပ်သော နည်းပညာများကို အကျိုးရှိစွာ အသုံးချ ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် နည်းပညာတိုးတက်မှုကြောင့် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ ကြီးပွားတိုးတက်လာ သည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ ကွန်ပျူတာသည် ကမ္ဘာကြီးကို ကြီးစိုးသော Artificial Intelligence (AI) ဖြစ်သဖြင့် အခြေခံကွန်ပျူတာ တတ်မြောက်ပြီးပါက ယင်း Artificial Intelligence (AI) ကို ဆက်လက်လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ ခေတ်သည် Information Technology (IT) တိုးတက်လာ သည့်အတွက် Information Technology (IT) ကို မိမိနှင့် မိသားစု၊ ဝန်ကြီးဌာန၊ နိုင်ငံနှင့် ကမ္ဘာကြီးအတွက် အကောင်းဆုံးအသုံးချနိုင်သော ပညာများကိုသင်ယူနိုင်သည့် သင်တန်း တစ်ခု ဖြစ်ပါစေကြောင်း ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်းလက်တွေ့ပို့ချနေမှုကို သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၇) ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ (၃) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်