ပထမအကြိမ် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားစေရေးကို အထောက်အကူပြုစေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ကောင်းစွာလိုက်နာတတ်စေရန်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ငွေစာရင်း ထိန်းသိမ်းရေးနည်းလမ်းများ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ပိုမိုသိရှိ နားလည်လာပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေဖြင့်လည်း ဆောင်ရွက်ရသည့် လုပ်ငန်းများရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဆရာမများ သင်ကြားပို့ချပေးသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထား လေ့လာမှတ်သားလိုက်နာကြမှသာ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေများဖြင့် လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံရုံးလုပ်ငန်းများကို သိရှိရန်လိုအပ်သကဲ့သို့ လိုက်နာကျင့်သုံး စောင့်ထိန်းရမည့် နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်နှင့် ဝန်ထမ်းကျင့်ဝတ် အပါး (၃၀)တို့ကိုလည်း လိုက်နာကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းမှသိရှိ နားလည်လာသော အသိပညာ ဗဟုသုတများကို အခြေခံ၍ စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းတာဝန်အသီးသီးတွင် ပြန်လည်အသုံးချကာ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝသောဝန်ထမ်းများ ဖြစ်လာရန် ကြိုးစားကြစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်ရည်ကိုယ်သွေး မြင့်မားစွာ တာဝန်သိသိ သစ္စာရှိရှိ စနစ်တကျမှန်ကန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးတို့သည် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းတို့ကို သိရှိထားရန် လိုအပ် ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရငွေကို ပိုမိုရှာဖွေရမည်ဖြစ်ပြီး သုံးငွေကို တတ်နိုင်သမျှ ချွေတာသုံးစွဲရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားစီမံကိန်းလုပ်ငန်းစဉ် (၂၄) ခု ရှိပြီး calendar ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ ဝန်ထမ်းများအနေဖြင့်လည်း ဝန်ကြီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို တတ်စွမ်းသမျှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရငွေနှင့် သုံးငွေများကို ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းနှင့်အညီ အသုံးပြုရန် လိုအပ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို ဂရုတစိုက် လေ့လာမှတ်သားပြီး မိမိတို့ဌာနတိုးတက်ရေးအတွက် ပြန်လည်အသုံးချစေလိုပါကြောင်း၊ မိမိတို့ဌာနတိုးတက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြာ ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူ(၃၀)ဦးနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူ(၅၈)ဦးတို့က Online မှ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြုလုပ်သော ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်နှင့်အညီ ဌာန အတွင်းရှိ အမှုထမ်းဝန်ထမ်းများနှင့် အခြေခံပညာအရွယ် ဝန်ထမ်းမိသားစုများ၏ သားသမီး များကို ယဉ်ကျေးလိမ္မာပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး နှင့်အနာဂတ်လူငယ်များအား ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေများ ပေးနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဃ)တွင် “နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပြီး မိမိတို့၏ ယုံကြည်ကိုးကွယ်မှုများကို ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသကဲ့သို့ မိမိတို့၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန်ကိုလည်း ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ မြန်မာမှုနယ်ပယ်တွင် လူကောင်းလူတော်များ ဖြစ်စေရေးအတွက် ထူးခြားသော ဝိသေသလက္ခဏာဖြစ်သည့် (၃၈) ဖြာမင်္ဂလာဟူ၍ ကျင့်ကြံနေထိုင်ရေးလမ်းညွှန် ရှိနေခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ နေထိုင်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ သင်ကြားရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် မင်္ဂလာ(၃)ပါး၊ လိုက်နာကျင့်သုံးရေး နှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ရှောင်ကြဉ်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ စိတ်ထားရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၅)ပါး၊ သည်းခံရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ ခြိုးခြံရေးနှင့်ပတ်သက်သည့် မင်္ဂလာ(၄)ပါး၊ စိတ်ထားကြံ့ခိုင်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ (၄)ပါးတို့ ဖြစ်ပါကြောင်း၊ ထို့အပြင် အဓိကကျသည့် ကျင့်ဝတ် (၁၀)ပါး ဖြစ်သည့် မိဘကျင့်ဝတ်၊ သား သမီးကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ ဒါယိကာကျင့်ဝတ်တို့ကို စနစ်တကျ အသက်အရွယ် ကာလအပိုင်းအခြားအလိုက် ကျင့်ကြံလိုက်နာ ဆောင်ရွက်မည်ဆို ပါက လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် လူအများနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းသင်းပြောဆို ဆက်ဆံနိုင်သည့် အကျိုးကျေးဇူး ရလာဒ်ကောင်းများကိုလည်း ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန် တိုင်းပြည်၏ကဏ္ဍအသီးသီး၌ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်လူရွယ် မောင်မယ်များအနေဖြင့် ယဉ်ကျေးလိမ္မာပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများနှင့် ဗလ (၅)တန်နှင့်ပြည့်စုံသည့် လူကောင်းလူတော်များဖြစ်လာရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြား ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး(၄)ခု ရှိပြီး မည်သည့် ဘာသာ၌မဆို ယဉ်ကျေးစေရန်၊ လိမ္မာစေရန် လမ်းညွှန်ဆုံးမကြပါကြောင်း၊ ယဉ်ကျေးမှုတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဟူ၍ရှိပြီး စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသည်ပို၍ အရေးပါ ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် Social Credit System ဖြင့် နိုင်ငံသားများ၏ အပြုအမူပေါ် မူတည်၍ ဆုပေး ဒဏ်‌ပေးစနစ် ကျင့်သုံးကြပါကြောင်း၊ ယဉ်ကျေးလိမ္မာဟူသည့် စကားရပ်သည် လွန်စွာကျယ်ပြန့်ပြီး ယင်းအောက်တွင် စည်းကမ်းရှိခြင်း၊ သီလရှိခြင်း၊ သမာဓိရှိခြင်း၊ သတိရှိခြင်း၊ သဒ္ဒါတရားရှိခြင်း၊ ဝီရိယရှိခြင်း၊ ပညာရှိခြင်း စသည်တို့ ပါဝင်သည့် အပြင် ဗြဟ္မစိုရ်တရား (၄)ပါး ဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့လည်း ပါဝင်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများ၏ ယဉ်ကျေးခြင်းနှင့်လိမ္မာခြင်းတို့သည် ဤဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံသားအားလုံးအတွက် ယဉ်ကျေးလိမ္မာသောလူမျိုး၊ ယဉ်ကျေးလိမ္မာသော အထောက်အပံ့ကောင်းများဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။ ယင်းနောက် သင်တန်းနည်းပြ ဆရာ ဆရာမများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်စကားပြောကြားရာ၌ ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးရသည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများကို ပျက်စီးစေသည့်အပြင် မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းစေနိုင်ပါကြောင်း၊ ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူများအကြား ဆင်းရဲ ချမ်းသာကွာဟမှုများကိုလည်း ဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထု၏ ယုံကြည်မှုကို လျော့ကျစေကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု တစ်ခုလုံးကိုပါ ယိုယွင်း ပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားနိုင်ပြီး အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူ ခံရမည့်အပြင် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ကျောသားရင်သား မခွဲခြားဘဲမျှတစွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိ လိုက်စားမှုများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်တားဆီး ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိတို့မှတဆင့် မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြရန်၊ မိမိတို့ကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုကြရန်လည်း အထူးတိုက်တွန်းလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)ကို (၇-၅-၂၀၂၁) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၃၇/ ၂၀၂၁) ဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်း အစီရင်ခံစာ တင်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် အဂတိလိုက်စားမှု မရှိစေရေးနှင့် တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသော သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပိုမိုခိုင်မာစွာဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်က အမှာစကားပြောကြားရာတွင် အဂတိဆိုသည်မှာ လားရာကို ဆန့်ကျင်ခြင်းဟု အဓိပ္ပာယ်ရပြီး ဘာသာတရားအရ ငါးပါးသီလကို မြဲမြံစွာလိုက်နာစောင့်ထိန်းပါက အဂတိ တရားကင်းရှင်းသွားမည်ဖြစ်ပါကြောင်း၊ ငယ်စဉ်ကပင် နေ့စဉ် ပြုမူနေထိုင်ပြောဆိုလုပ်ကိုင် ရာတွင် ပြည်သူ့နီတိနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေး သင်ကြားပို့ချရန် လိုအပ်ပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ဆရာကိုင်လက်စွဲစာအုပ်များကို အခြေခံမူလတန်းအဆင့််မှ အထက်တန်းအဆင့် အထိ ရေးဆွဲပြုစုပြီး အဆင့်လိုက်ဘာသာရပ်များတွင် ထည့်သွင်းရေးဆွဲကာ သင်ကြားပို့ချ နိုင်ရေး ညှိနှိုင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် အခြေခံပညာကျောင်းများတွင်လည်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် Edutainment အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို မဖြစ်ခင်ကပင် ကြိုတင် တားဆီး ကာကွယ်ခြင်းသည် ထိရောက်သည့်နည်းလမ်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို(၄)ကြိမ်တိုင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ထပ်မံ၍ ပြန်လည်ဆန်းစစ်လျက်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ကျင့်ဝတ်ကို ပြဋ္ဌာန်းထားပြီး ကျင့်ဝတ်ပါ အခြေခံမူများဖြစ်သည့် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှု၊ မျှတမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်မှုများရှိစေရေး အလေးထားလိုက်နာ ဆောင်ရွက်ရပါကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၇) ချက်ကို အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရန်မှာ ပန်းတိုင် (၁၆.၅) တွင် ဖော်ပြထားသည့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် အ‌ရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အဂတိလိုက်စားမှုလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များကို လည်း ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၈) ခု အပြင် တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုတွင်လည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ CPU အဖွဲ့များကို ခရိုင်အဆင့်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ CPU အဖွဲ့များအနေဖြင့် ချမှတ်ထားသည့် လုပ်ငန်း အစီအစဉ်များပါအချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ အဂတိ လိုက်စားမှုသည် နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုကြောင့် ကမ္ဘာ့ GDP ၏ (၂.၆) ထရီလီယံခန့် ဆုံးရှုံးလျက် ရှိပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် (၅)% ခန့် ဆုံးရှုံးလျက်ရှိပါကြောင်း၊ ကော်မရှင်၏ ဆောင်ပုဒ်ဖြစ်သည့် “ Remove Corruption, Promote Prosperity” “အဂတိပယ်ခွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိ လိုက်စားမှု၏သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဌာနခွဲများမှ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် (၁၉-၄-၂၀၂၃) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ် နှင့်အညီ စနစ်တကျအကောင်အထည် ဖော်နိုင်ရန်အလို့ငှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဌာန်းခြင်းဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်းဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်၍ မည်မျှ တိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များ ဖြစ်ပါကြောင်း၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန် အားထည့်၍ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မိမိတို့ဝန်ကြီးဌာနမှ စီမံကိန်းလုပ်ငန်းစဉ် (၂၄) ခု တင်ပြခဲ့ပြီး ရငွေအနေဖြင့် (၁၀၇၀.၅၇၈) သန်း နှင့်သုံးငွေအနေဖြင့် (၅၄၁၃.၇၀၉) သန်း ကို နိုင်ငံတော်မှ အတည်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဘဏ္ဍာရေးဆိုင်ရာ အရအသုံးများကို လုပ်ပိုင်ခွင့်အပ်နှင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် စီမံကြည့်ရှုကွပ်ကဲရန်၊ ရရှိလာသည့် ဘဏ္ဍာငွေများကို ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ သုံးစွဲရန်၊ (၃) လတစ်ကြိမ် စနစ်တကျ ပြန်လည်အစီရင်ခံ တင်ပြရန် လမ်းညွှန်ထားပါကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာဌာနများအလိုက် ငွေကြေးကိစ္စရပ်များကို လွှဲအပ်ပေးပြီးဖြစ်ပါကြောင်း၊ အထူးသဖြင့် ရငွေများကို ပိုမိုရှာဖွေရန်ဖြစ်ပြီး သုံးငွေများကို ချွေတာသုံးစွဲရန်ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ပင်မအဖွဲ့အစည်းနှင့် အထောက်အကူပြု အဖွဲ့အစည်းဟူ၍ ရှိပါကြောင်း၊ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေ၊ လုပ်ငန်းစွမ်းဆောင်နိုင်မှုအင်အားနှင့် အချိန်ကာလတို့ကို စနစ်တကျအသုံးချပြီး အချင်းချင်း အပြန်အလှန် တိုင်တိုင်ပင်ပင် ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက အခက်အခဲမရှိ အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် အားသာချက် အားနည်းချက်များကို သုံးသပ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်းဆုံးဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်း ဥပဒေသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်ကို အကောင်အထည်ဖော်ရန် ဝန်ကြီးဌာနတိုင်းတွင် တာဝန်ရှိပြီး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်းဥပဒေတွင် ကဏ္ဍ (၁၄) ခုရှိပြီး မိမိတို့ဝန်ကြီးဌာနသည် လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် ပတ်သက်ဆက်နွယ်မှုရှိပါကြောင်း၊ ပြည်ပပို့ကုန်ကို အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၅၀၀ လျာထားပြီး သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀၀၀ လျာထား ပါကြောင်း၊ နိုင်ငံတော်၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖြစ်ရာ မိမိတို့၏ ထုတ်ကုန်များကို Value added ဖြစ်စေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင်များ MSME စီမံချက်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိမိတို့ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးများက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အထူးပံ့ပိုးကူညီရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအကျိုးစီးပွားသည် အဓိက အရေးကြီးပါကြောင်း၊ ဌစ၊ ရသ စာရင်းများကို သေချာစွာ ပြုစုရမည်ဖြစ်ပြီး လျှပ်စစ်မီးကိုလည်း ချွေတာရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်မျှအထိ နိုင်ငံတော်အတွက် အကျိုးပြုပြီးပြီဆိုသည်ကို သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၂) ခု ရှိပြီး ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်မှုအောက်တွင် တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ စည်းလုံးညီညွတ်စွာဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင် နေထိုင်ရန်ဖြစ်ပြီး ဥပဒေစည်း၏ အပြင်ဘက်သို့ မရောက်ရှိစေရန် ရှောင်ကြဉ်၍ မိမိတို့ဌာန၏ စီမံကိန်း (၂၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ စီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ၃ လ တစ်ကြိမ် ပေးပို့နိုင်ရေးအတွက် Calendar ရေးဆွဲ ပြင်ဆင်ဆောင်ရွက်ထားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးသား စီမံကိန်းများသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နေသည့် အဓိက လုပ်ငန်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏ ဂုဏ်သိက္ခာမညှိုးနွမ်းစေရေး၊ ဆင်ခြင်တုံ တရားရှိစေရေးနှင့် လိုက်နာရမည့် ဝန်ထမ်းသစ္စာအဓိဋ္ဌာန်များ၊ ကျင့်ဝတ်အပါး (၃၀)နှင့်အညီ မိမိတို့၏ ကျရာကဏ္ဍမှ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာဖြင့် လုပ်ငန်းများအောင်မြင်စေရန် ဝိုင်းဝန်းဆောင်ရွက် သွားရန်အထူးလိုအပ်ပါကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဌာနခွဲတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ (၃၁) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ (၃)ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)၏ သင်တန်းဆင်းပွဲ အခမ်းအနား ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်များဖြစ်သည့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွမ်းရည်နှင့် ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ဝန်ကြီးဌာန၏ အရေးကြီးလုပ်ငန်းစဉ်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ပြီး လိုအပ်သည့်သင်တန်းများကို အလေး ထားဖွင့်လှစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ တနည်းအားဖြင့် ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ် စည်းကမ်းကောင်းမွန်သည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ခြင်းသည် နိုင်ငံတော် ၏ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းကောင်းများကို ပြုစုပျိုးထောင်ခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်းများကအစပြုပြီး လူ့စွမ်းအားအရင်းအမြစ် ကောင်းများမြောက်များစွာ ပေါ်ပေါက် စေလိုပါကြောင်း၊ သက်ဆိုင်ရာပညာရပ်များတွင်လည်း အဆင့်မီမီ၊ အဆင့်မြင့်မြင့် ကျွမ်းကျင် တတ်မြောက်စေလိုပါကြောင်း၊ ယနေ့ ကွန်ပျူတာနည်းပညာနှင့်ဆက်စပ်ပြီး Artificial Intelligence (AI), Blockchain, Cloud Computing, Data စသည်ဖြင့် ဆန်းသစ်နေသော ပညာရပ်များကို ဆက်လက်လေ့လာသွားရန်နှင့် အစဉ်တစိုက်လေ့လာ ဆောင်ရွက်ခြင်းသည် Lifelong Learning ပင် ဖြစ်သည်ကိုမှာကြားလိုပါကြောင်း၊ အတတ်ပညာတစ်ခုအတွက် သင်တန်းကာလ (၃) ပတ်သည် အင်မတန် တိုတောင်းလွန်းပါကြောင်း၊ သို့သော် သင်တန်းမှ သင်ကြားပေးမှုများအပေါ် အခြေခံပြီး ဆင့်ကာဆင့်ကာ ဆက်လက်လေ့လာ သင်ယူမှုများ၊ လေ့ကျင့်မှုများ လုပ်သွားကြမည်ဆိုပါက မကြာမီအချိန်တွင် ပိုမိုစွမ်းရည်ပြည့်ဝသည့် ဝန်ထမ်း ကောင်းများဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ ကွန်ပျူတာအကြောင်းကို ယခုသင်တန်းဆင်းပြီးသည့်နောက်တွင်လည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားကြရန် တိုက်တွန်း လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကွန်ပျူတာအခြေခံသင်တန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ်ဖွင့်လှစ်နိုင်ရေး ရည်မှန်းချက်တစ်ရပ်ထားပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ဤသင်တန်းမှ ထူးချွန်သင်တန်းသား (၃) ဦးကို စိစစ် ရွေးထုတ်ပြီး ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး သင်တန်းတစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်အောင် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ပေးကြသော သင်တန်းမှူး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့်တကွ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းကို မှတ်တမ်းတင်ပြောကြားလိုပါကြောင်း၊ "တတ်ပြီးပညာမလေ့လာ၊ မကြာမရှည်ပျောက်တတ်သည်" ဆိုရိုးအတိုင်း သင်တန်းကပို့ချခဲ့သည့် သင်ခန်းစာများကိုလည်း လက်တွေ့နယ်ပယ်တွင် စဉ်ဆက် မပြတ် ပြန်လည်အသုံးချနိုင်ရေးအတွက် နိုင်ငံတော်ကထုတ်ပြန်ထားရှိသည့် ရုံးလုပ်ငန်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဂရုပြုပြီး ဆက်လက်ကြိုးစားသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း၊ မည့်သည့်ရာထူး၊ မည်သည့်တာဝန်များ ထမ်းဆောင်နေသည်ဖြစ်စေ အချင်းချင်း အပြန်အလှန်လေးစားသင်ယူခြင်း၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြပြီး နိုင်ငံတော်မှထုတ်ပြန်ထားရှိသည့် ဝန်ထမ်းကျင့်ဝတ်များ၊ သစ္စာအဓိဋ္ဌာန် စည်းကမ်းများနှင့်အညီ မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအထိ ရှေ့သို့မြှင့်တင် သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်၍ သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူ အား ဆုချီးမြှင့်ပေးအပ်ပါသည်။ ယင်းနောက် ဒုတိယဆုရရှိသည့် သင်တန်းသားအား အမြဲတမ်းအတွင်းဝန်က လည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသူအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရှိ ကွန်ပျူတာသင်တန်းခန်းမသို့ သွားရောက်၍ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့ကွန်ပျူတာအသုံးပြုနေမှုများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၂၀၁၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့သည် ဝန်ကြီးဌာန၏ သက်တမ်း (၇)နှစ် ပြည့်မြောက်သည့်နေ့ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသား ရေးရာကိစ္စရပ်များကို ဆောင်ရွက်နိုင်စေရန် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် (၇)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို အနည်းငယ် ပြောကြားလိုပါကြောင်း၊ တိုင်းရင်းသားစာပေသင်ကြားရေးနှင့်စပ်လျဉ်း၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ယနေ့အထိ တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ (Teaching Assistant -TA) ၁၄၈၉၃ ဦးနှင့် တိုင်းရင်းသား စာပေသင် ဆရာ၊ ဆရာမ (Language Teacher-LT) ၂၀၀ ဦး၊ စုစုပေါင်း ၁၅၀၉၃ ဦးတို့အား ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ခန့်ထားပေးနိုင်ခဲ့သည့်အပြင် ဘာသာစကား (၇၂) မျိုးအထိ အောင်မြင်စွာ သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုပိုစတာများ၊ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆိုခြင်း၊ ကိုဗစ်- ၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပညာပေးအချက်အလက်များကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆိုခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသားလူမျိုးများ သိရှိနားလည်စေရန် တိုင်းရင်းသားဘာသာများဖြင့် ဘာသာပြန်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရပါကြောင်း၊ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံ၊ ကိုးကွယ် ယုံကြည်မှုနှင့် ပွဲတော်များကို Documentary ရုပ်/ သံ မှတ်တမ်းတင်ခြင်း၊ တိုင်းရင်းသားရိုးရာ အစားအစာဟင်းလျာ(၈)မျိုး ချက်ပြုတ်နည်းအစီအစဉ်များ ရိုက်ကူးခြင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ တိမ်ကောပပျောက်မှုမရှိစေရေးနှင့် အစဉ်တည်တံ့ခိုင်မြဲစေရေးအတွက် တိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှု၊ ပုံပြ/ ပုံပြင် စာအုပ်များ၊ စကားထာ စကားပုံ၊ စကားဝှက်၊ စကားလိမ်၊ ဆိုရိုးစာအုပ်များ၊ တိုင်းရင်းသား လူမျိုးများ၏ ဆောင်ရန်၊ ရှောင်ရန်ရိုးရာဓလေ့များနှင့် အတိတ် နိမိတ်စာအုပ်များထုတ်ဝေခြင်း စသည်များကို ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေးအတွက်တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း အစီအစဉ်များ၊ တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမြင်ချင်းဖလှယ်ရန်နှင့် ဒေသန္တရဗဟုသုတများရရှိစေရန် လေ့လာရေးအစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနရှိဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဖိုရမ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသား အသင်းအဖွဲ့များမှ ပြည်ထောင်စုအဆင့် မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်နိုင်ရန် တင်ပြ လာသည့် အသင်းအဖွဲ့များအား ထောက်ခံချက်ပေးခြင်း၊ တိုင်းရင်းသားများမှ မြေယာကိစ္စများနှင့် ပတ်သက်၍ တင်ပြလာသည့်ကိစ္စများ၊ တိုင်းရင်းသားများ၏ လူမျိုးအမည်၊ လူမျိုးစုအမည်၊ လူမျိုးနွယ်စုအမည်များနှင့် အခြားလိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ညှိနှိုင်း ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်စွာသူများအား အခါအားလျော်စွာ ထောက်ပံ့ ပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊ ထောက်ပံ့ငွေပေးခြင်းနှင့် ထောက်ပံ့ငွေ ရရှိနိုင်ရေးများကိုလည်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအနေဖြင့် အထူးသဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုက်နာရမည့် အခြေခံအချက်များဖြစ်သည့် ဝန်ကြီးဌာနက ချမှတ်ထားသည့်မူဝါဒကို မျက်ခြေ မပြတ်စေရန် အထူးလိုအပ်လှပါကြောင်း၊ ဝန်ကြီးဌာန၏ သက်တမ်း (၇)နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကို ပြန်ကြည့်မည်ဆိုပါက ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများတို့၏ ဦးဆောင်မှု၊ ဌာနအကြီးအကဲများ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၏ စုပေါင်းလုပ်အားဖြင့် စွမ်းဆောင်နိုင်မှုများ မြင့်မားလာသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုများအတွက် ဂုဏ်ယူဝမ်းမြောက်တတ်ရန် လိုအပ်သကဲ့သို့ ရောင့်ရဲမနေဘဲ အခက်အခဲ စိန်ခေါ်မှုများအတွက် ပြန်လည်သုံးသပ်ပြီး နည်းလမ်း ကောင်းများရှာဖွေ၍ ရှေ့လာမည့်အနာဂတ် အချိန်ကာလများတွင် မိမိတို့ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသား များ၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို နိုင်ငံတော်မှထုတ်ပြန်ထားရှိသည့် ဥပဒေနှင့်အညီ ဥပဒေအရ သိရှိနိုင်ရန်နှင့် ရှေးရှုပြီး ဆောင်ရွက်ရန်လည်း အထူးဂရုပြုရန် လိုအပ်ကြောင်းကို ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း များအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများကိုလည်း လိုက်နာရန် လိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအားလုံး မိသားစု စိတ်ဓာတ်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်တို့ဖြင့် အထက်အောက်အပြန်အလှန် ချစ်ခင်လေးစားခြင်း၊ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်ဖြင့် နေထိုင်ပြုမူဆက်ဆံကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် မိမိတို့၏ ကိုယ်စီဂုဏ်သိက္ခာ မညှိုးနွမ်းရလေအောင် အထူးအစဉ်သတိပြု နေထိုင်ကြရန်၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးအားလုံးနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ပါရှိသော စစ်မှန်သောမျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ လူမှုရေးဦးတည်ချက်တွင်ပါရှိသော တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေး စိတ်ဓါတ်ကိုအခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနရှိဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး ထုတ်ပြန် ထားရှိသည့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ပေးကြရန်၊ မိမိတို့တိုင်းရင်းသားများ၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကို မိမိတို့ ကျရာအခန်းကဏ္ဍမှ ကိုယ်စီလုပ်ငန်းများကို ကျေပွန်စွာဖြင့် ရှေ့ဆက်၍ အားကြိုးမာန်တက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) အခြေခံမူအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ ပေါ်ပေါက်လာပါကြောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဖြစ်ပေါ်လာပါ‌ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားစာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအတွက် အထူး တာဝန်ရှိသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့၏စွမ်းဆောင်ရည်(Capacity Building)ကို အစဉ်အမြဲ မြှင့်တင်နေရန်လိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့်တာဝန် (၃) ရပ် ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀) ပါး ရှိပါကြောင်း၊ ထိုကျင့်ဝတ်နှင့်တာဝန်များကို လိုက်နာကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားမှ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်လည်း မြင့်မားမည် ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်မှုရရှိရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်မြှင့်တင်ရေးကို အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးဌာနရှိ ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအဆို၊ အကများ၊ ခါသင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း အမှုထမ်းများအာလုံး နေ့လယ်စာကို လက်ရည် တပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
“တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့အကြို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အေးမြရွှေပြည် ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသက ထံမှ ဧည့်ပရိတ်သတ်များက သရဏဂုံ (၃) ပါး နှင့် တကွ (၅) ပါး သီလ ခံယူဆောက်တည်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ နဝကမ္မအလှူတော် ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္တုအစုစုတို့ကို လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွား သရဇ္စျာယ် ချီးမြှင့်တော် မူကြပြီး အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း” ဆင်းပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဤသင်တန်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ နည်းပညာများကို နားလည်တတ်မြောက်ပြီး ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်နှင့် ဝန်ထမ်းမိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင် သင်တန်းပြီးမြောက် အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ သင်တန်းနည်းပြများက စေတနာအပြည့်အဝဖြင့် သင်ကြားပေးကြသလို သင်တန်းသား၊ သင်တန်းသူများကလည်း စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြသည်ကို တွေ့ရှိရသဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို အပြည့်အဝ သင်ယူတတ်မြောက်သွားကြပြီဟု ယုံကြည်ပါကြောင်း၊ ဆရာသမားဂုဏ်နှင့်အညီ သင်ကြားပေးကြပါသော သင်တန်းနည်းပြဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း၊ ဤသင်တန်းမှ သင်ကြားပေးလိုက်သည့် အခြေခံနည်းပညာများကို လက်ကိုင်ထားပြီး မိမိဘာသာ ဆန်းသစ်တီထွင်ကာ ပစ္စည်းအရည်အသွေးကို အကောင်းဆုံးနှင့် နည်းစနစ်တကျထုပ်ပိုးပြီး ဈေးကွက်ထိုးဖောက်နိုင်မည်ဆိုပါက အရင်းအနှီး အနည်းဆုံးနှင့် အချိန်တိုတိုအတွင်း စီးပွားဖြစ်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းတစ်ရပ်ကို သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးဦးတည်ချက် (၄) ရပ်တွင် “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME) များကို ရေရှည်အာမခံချက် ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”ဟုလမ်းညွှန်ချမှတ်ထားသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပေါများစုံလင်သဖြင့် ယင်း ကုန်ကြမ်းများကို ထိထိရောက်ရောက်အသုံးချပြီး အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည် ဆိုလျှင် ပြည်ပသွင်းကုန်များနှင့် အစားထိုးနိုင်မည်ဖြစ်သလို ယခုထက်တစ်ဆင့်မြှင့်ပြီး နိုင်ငံတကာအရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့တင်ပို့နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် သင်တန်းမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလိုက်သည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို လက်တွေ့ အသုံးချပြီး ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို နောင်တစ်ချိန်တွင် ဆက်လက်တည်ထောင်ပြီး မိသားစုဝင်ငွေ တိုးပွားရုံသာမက ဌာနနှင့် နိုင်ငံ့ဝင်ငွေတိုးပွားအောင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပါသည်။ ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူအား အမြဲတမ်းအတွင်းဝန်က လည်ကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသားအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်း နည်းပြဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး သင်တန်းသား၊ သင်တန်းသူများမှ ထုတ်လုပ်ထားသည့် လူသုံးကုန် ပစ္စည်းများကို လှည့်လည်ကြည့်ရှုရာ ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများက ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါလျက် မတ်လ (၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို ဆောင်ရွက် ရသည့်ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာရပ် များကို ဖွံ့ဖြိုးတိုးတက်အောင်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် (၂၀၀၈) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၂)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်နှင့် အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို သိရှိလိုက်နာကျင့်ကြံရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ တာဝန်ဝတ္တရားများကိုသိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုထူးခြားသည့်အခြေအနေကာလတွင် နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကို သိရှိနားလည်ထားပြီး လုပ်ငန်းများကို မိမိကျရာကဏ္ဍများတွင် တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲဆောင်ရွက်ကြရန်လည်း မှာကြားလိုပါကြောင်း၊ ဌာနနှင့်ဝန်ထမ်းများ၏ လုံခြုံရေးနှင့်ကျန်းမာရေးတို့ကိုလည်း အထူး ဂရုပြုဆောင်ရွက်သွားရန်မှာကြားလိုပါကြောင်း၊ ဦးစီးဌာနများ၏ ဝန်ထမ်းများသည် ဌာနေဒေသခံ တိုင်းရင်းသားလူမျိုးများ၏ အရေးအရာကိစ္စရပ်များအားလုံးကို စစ်မှန်သောပြည်ထောင်စု စိတ်ဓါတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည့်အပြင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက မွန်ပြည်နယ်အတွင်း တိုင်းရင်းသားအရေးကိစ္စရပ်များ ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများက အထွေထွေဆေွးနွေးတင်ပြကြပြီး တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ ပြည်နယ်တာဝန်ခံများက ရုံးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်တို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအတွက် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက် နိုင်ရန် ဖွံ့ဖြိုးမှုထောက်ပံ့ငွေများပေးအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးထံ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဤသင်တန်းကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ နည်းပညာများကို နားလည်တတ်မြောက်ပြီး ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ကာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိစေရန်နှင့် ဝန်ထမ်းမိသားစုများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည် ၊ ရေချိုးဆပ်ပြာရည် ၊ ပန်းကန်ဆေးဆပ်ပြာ ရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊ သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာကရင်မ် နှင့် Hand Gel တို့ကို ထုတ်လုပ်သည့် နည်းပညာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက မေတ္တာ၊ စေတနာ၊ ဝါသနာကို အရင်းခံပြီး (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း “သွင်းကုန်အစားထိုးရန်နှင့်ပို့ကုန်မြှင့်တင်နိုင်ရေးဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့်အသေးစား၊အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည် အာမခံချက် ရှိအောင်အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟု စီးပွားရေးဦးတည်ချက် (၄) ရပ်တွင် လမ်းညွှန်ချမှတ်ထားပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားဒေသများတွင် လိုအပ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်များတွင် ဦးစီးဌာန၏ဘဏ္ဍာငွေဖြင့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အသက်မွေးဝမ်း ကျောင်း ပညာသင်တန်း (၃)ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား/ သူ (၇၃) ဦးကို သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင်လည်း ကချင်ပြည်နယ်တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်း(၃)ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး ဘဏ္ဍာငွေဖြင့် (၁)ခု၊ ရန်ကုန် တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး ဘဏ္ဍာငွေဖြင့် (၁၂)ခု၊ ရှမ်းပြည်နယ်တွင် ပြည်နယ်ဘဏ္ဍာငွေဖြင့် (၄)ခုတို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား/ သူ စုစုပေါင်း (၄၄၅) ဦးကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပို့ချပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်တွင်လည်း တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်တွင် “တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ”ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)အထောက်အပံ့ ဖြင့်တည်ဆောက်လျက်ရှိပါကြောင်း၊ထိုသင်တန်းစင်တာအဆောက်အဦကို၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ပါကြောင်း၊ ထိုစင်တာပြီးစီးပါက မိမိတို့နိုင်ငံတွင်းသာမက နိုင်ငံတကာနှင့်ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း နည်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် “တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်” ဟူသော ဝန်ကြီးဌာန၏ မျှော်မှန်းချက် ပြည့်ဝအောင်မြင်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်မည့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ပါဝင်တက်ရောက်ကြမည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးမည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် သည့်နည်းပညာများကို အပတ်တကုတ် ကြိုးစားသင်ယူပြီး တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိရေးအတွက် အသုံးချနိုင်ကြပါစေကြောင်းနှင့် (MSME) ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကိုထူထောင်နိုင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် နိုင်ငံ၏စီးပွားရေးလုပ်ငန်းတိုး တက်ရေးအတွက် အထောက်အကူပြုပြုသို့ တက်လှမ်းနိုင်အောင် ကြိုးစားကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းလောဝ်ဟွမ်က သင်တန်းဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပါသည်။ ၎င်းနောက် အခမ်းအနားတွင် သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် အသုံးပြုမည့် အ‌ထောက်အကူပစ္စည်း များကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ဤသင်တန်းကို (၁၃-၃-၂၀၂၃) ရက်နေ့မှ (၁၇-၃-၂၀၂၃) ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချ‌ပေးမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင် နန်းရပ်ကွက်ရှိကတ်သလစ်အသင်းတော်ရုံး၌ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှဘာသာရေးခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့သို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တိုင်းပြည် တည် ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များအားလုံးက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးကြရန် လိုကြောင်း၊သို့မှသာတိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားပြီး ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင် များနှင့် အပြန်အလှန်မိတ်ဆက်ခဲ့ကြပါသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဘာသာရေးအသင်းအဖွဲ့အသီးသီးအတွက် လက်ဆောင်ခြင်းနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် မြစ်ကြီးနားမြို့ အံတော်ရှင် တောင်တန်းသာသနာပြုကျောင်းတိုက်၌ မြစ်ကြီးနားမြို့ နယ်သံဃနာယဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာ များအား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားတင်ပြကြကာ ဆရာတော်၊ သံဃာတော်များထံ ဆန်အိတ် (၅၀)အိတ်၊ ဆီ (၂၀)ပုံးနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အံတော်ရှင်ဘုရားအား လက်ယာရစ်ပတ် ဖူးမျှော်ကြည်ညိုခဲ့ကြပါသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း မနောအိမ်တော် ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၁၄)ခုတို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားများအရေးကို အလေးထား ဆောင် ရွက် လျက်ရှိပါကြောင်း၊ ထိုသို့အလေးထားဆောင်ရွက် လျက်ရှိရာတွင် တိုင်းရင်းသားများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယနေ့ တိုင်းရင်းသားများအနေဖြင့် မိမိတို့ စာပေနှင့် ရိုးရာယဉ်ကျေးမှု စသည့်အရေးအရာကိစ္စရပ်များ ဆောင်ရွက်နေခြင်းသည် နိုင်ငံ့အရေးဆောင်ရွက် နေခြင်းဖြစ်ပြီး မိမိတို့ တစ်ဦး/တစ်ဖွဲ့၏ အောင်မြင်မှုသည် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်ထောင်စု၏ အောင်မြင် မှုပင်ဖြစ်ပါကြောင်း၊ ထိုအပြင် မိမိတို့အနေဖြင့် ပြောင်းလဲမှုများကို ရင်ဆိုင်လိုက်ပါဆောင်ရွက်တတ်မှသာ မိမိတို့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး သာယာဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်တည်ငြိမ် အေးချမ်းနှင့် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မိမိတို့ တိုင်းရင်းသားအားလုံးက နိုင်ငံတော် အစိုးရနှင့်အတူ ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ကချင်ပြည်နယ်အတွင်း စာပေယဉ်ကျေးမှု အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် မိမိတို့ဘာသာစကား၊ စာပေယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးတင်ပြကြရန် လိုအပ်ပါ ကြောင်း၊ ဆွေးနွေးတင်ပြမှုများကို မိမိတို့အနေဖြင့် လိုက်နာမှတ်သားပြီး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ဦးစီး (၂)ခုဖြင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ တိုင်း ရင်းသားများအရေး အပြည့်အဝဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီး ချုပ်များနှင့် ညှိနှိုင်းပြီး တိုင်းရင်းသားရေးရာဝန်ကြီးများကို လုပ်ငန်းတာဝန်ခွဲဝေအပ်နှင်းပေး ခဲ့ပါကြောင်း၊ ယနေ့ တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားအရေးကိစ္စရပ်များကို ဦးစီးဌာနနှစ်ခုနှင့် ချိတ်ဆက်ပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များပါအတိုင်း မိမိတို့ ပြည်နယ်၏ အကျိုး၊ မိမိတို့နိုင်ငံ၏ အကျိုး အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ ပါသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ယနေ့ မိမိတို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ တာဝန်ရှိသူများအနေဖြင့် မိမိစာပေယဉ်ကျေးမှုများကို ထိန်းသိမ်းရာတွင် မိမိတို့ပြည်နယ်အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းပြောကြား ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တက် ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ခုတို့အတွက် တစ်ဖွဲ့ လျှင် ထောက်ပံ့ငွေကျပ် ၃ သိန်းစီနှင့် အမှတ်တရလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြပါသည်။ ထို့နောက် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များက စာပေ၊ ယဉ်ကျေးမှုများထိန်းသိမ်း ဆောင်ရွက် ရာတွင် လိုအပ်ချက်များ တင်ပြဆွေးနွေးကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ ညွှန်ကြား ရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင်တို့က လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မွန်းလွဲ ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ် သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ပြီး အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ကို ချမှတ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံမှုရှိစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း အစိုးရနှင့်အတူ ထဲထဲဝင်ဝင်ပါဝင်ပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဦးချင်းစီက တာဝန်ရှိရှိဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြည်သူများက အမှာစကားပါးလိုက်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ အဆင့်ဆင့်နှင့် ဆက်လက်ညှိနှိုင်းပေါင်းစပ်ပေး သွား မည်ဖြစ်ပါကြေင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ တိုင်းရင်းသားတို့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစီးဌာန(၂)ခုဖွဲ့စည်း၍ တိုင်းရင်းသားများ အရေးကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ဒါအပြင် မိမိတို့အနေဖြင့် တိုင်းရင်းသားများအရေးကိစ္စကို ပြည့်ပြည့်ဝဝဖြည့်ဆည်း ပေးနိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို လုပ်ပိုင်ခွင့်တာဝန် များကို ခွဲဝေအပ်နှင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက လမ်း၊ တံတား၊ ကုန်ထုတ်လမ်း၊ မြေယာကိစ္စရပ်များ၊ သက်မွေးပညာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုလားချက်များကို တင်ပြကြရာ သက်ဆိုင်ရာပြည်နယ် အဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ပြန်လည်ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တို့က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မတ်လ (၃) ရက်နေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီရိပ်သာ၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ ပထမဦးစွာ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ခံ များက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်း တိုင်းရင်းသား အရေးကိစ္စရပ်များဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို ဆောင်ရွက် ရသည့်ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာရပ် များကို ဖွံ့ဖြိုးတိုးတက်အောင်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် (၂၀၀၈) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၂)တွင်ပြဌာန်းထားသည့်အတိုင်း ကူညီ ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကိုလိုက်နာကြရန်၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို သိရှိ လိုက်နာကျင့်ကြံရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ တာဝန် ဝတ္တရားများကိုသိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုထူးခြားသည့်အခြေအနေကာလတွင် နိုင်ငံတော်ကချမှတ် ဆောင်ရွက် နေသည့် အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကို သိရှိနားလည်ထားပြီး လုပ်ငန်းများကို မိမိကျရာကဏ္ဍများတွင် တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲဆောင်ရွက်ကြရန်လည်း မှာကြားလို ပါကြောင်း၊ “တတ်ပြီးပညာမလေ့လာ၊ မကြာရေရှည် ပျောက်ပျက်မည်” ဆိုသည့်ဆိုရိုးစကား အတိုင်း မိမိတတ်မြောက်ထားသည့်အသိပညာ၊ အတတ်ပညာရပ်များကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ လုံခြုံရေးနှင့် ကျန်းမာရေးတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းနောက် ဝန်ထမ်းများက ၎င်းတို့ကြုံတွေ့ရသည့်အခက်အခဲများကို အထွေထွေ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့ဝင် များသည် ကချင်အမျိုးသားစာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာကေဘောမ်အောန်း နှင့်အဖွဲ့အား တွေ့ဆုံခဲ့ရာ ပထမဦးစွာ စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာကြည့်တိုက် တည်ထောင်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀) တိတိကို ပေးအပ်ထောက်ပံ့ရာ ကချင်အမျိုးသားစာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ကေဘောမ်အောန်းက လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
လာချိဒ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် နိုင်ငံတစ်ဝှမ်းနှင့် ပြည်နယ်အတွင်းရှိ လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာ အမွေအနှစ်ဖြစ်သည့် မုဒ်ဦး၊ ရိုးရာအိမ်တော်၊ မနောကွင်းဖွင့်ပွဲ အခမ်းအနားနှင့် ကျုံးဇွမ် မနောပွဲတော်ကို မတ်လ ၃ ရက် နံနက် ၀၉:၀၀ နာရီတွင် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာအတွင်းရှိ လာချိဒ် ရိုးရာယဉ်ကျေးမှုကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ တပ်မတော်အရာရှိကြီးများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ခဲ့ကြပြီး လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လာချိဒ်တိုင်းရင်းသားများက (ရှီးခွမ်မှီ) ကြိုဆိုသီးချင်းဖြင့် ရင်းရင်းနှီးနှီးဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုနှုတ်ဆက်ကြပါသည်။ အခမ်းအနားတွင် သိက္ခာတော်ရဆရာ မဒိန်ဇုန်းကျန်းက ဆုတောင်းဆက်ကပ်ပေးပြီး လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလဘောင်ဇုန်းဘောမ်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ၎င်းနောက် မနောကွင်းအတွင်း ပင်မမနောတိုင်အလှူရှင် ဇောင်မှူးမန်ရှန်ဒိန့်ယိန်း၏ ကိုယ်စား ၎င်း၏ဇနီး ဆရာမဂလောင်ဇရှီခေါဝင်းက မနောကွင်းတည်ဆောက်ရခြင်းနှင့် ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝမ်းမြောက်စကားပြောကြားရာတွင် လာချိဒ်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု၊ စုပေါင်းကြိုးစားလုပ်ဆောင်မှုများကြောင့် ယခုလိုမင်္ဂလာရှိသည့် ရိုးရာယဉ်ကျေးမှုပွဲတော်အခမ်းအနား ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ လာချိဒ်တိုင်းရင်းသား မျိုးနွယ်များသည် ရှေးယခင်ပဝေဿဏီကတည်းကပင် မိသားစုကျန်းမာရေးကောင်းမွန် စေရန်၊ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကောင်းမွန်စေရန်၊ရည်ရွယ်၍ မနောပွဲတော်ကို ကျင်းပလာကြသည့်အစဉ်အလာကောင်းများရှိကြပါကြောင်း၊ အောင်မြင် မှုများ ရရှိလာသောအခါတွင် လည်းကောင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ အိမ်သူအိမ်သားများနှင့် မျိုးနွယ်စုများပြန်လည် ဆုံတွေ့သောအခါများနှင့် နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များတွင် လည်းကောင်း မင်္ဂလာရက်ကောင်းရက်မြတ်ရွေးချယ်ပြီး မိသားစုအလိုက် မိမိတို့၏ဒေသနှင့် အိမ်ဝင်းအတွင်း မနောတိုင်များကိုစနစ်တကျဆောက်လုပ်ကာ ရိုးရာအစဉ်အလာအရ အနောအကကို ခေါင်းဆောင်သူ၏နောက်မှ လိုက်ပါကကြသူများသည် စည်းလုံးညီညွတ်စွာဖြင့် အတူတကွမနောအက ကခြင်းရိုးရာဓလေ့ကို လာချိဒ်ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပြီး မနောပွဲတော်များကို ခေတ်အဆက်ဆက် ကျင်းပလာခဲ့ကြရာ (၁၉၄၉) ခုနှစ်တွင် ချီဖွေမြို့၌ အောင်ပွဲခံမနောပွဲ ကိုကျင်းပပြုလုပ် ခဲ့ကြပါကြောင်း၊ (၁၉၆၂) ခုနှစ်တွင် ချီဖွေမြို့၊ တမူးခုံးဒေသ (အမက-မကောင်း) ကျောင်းဝင်း ဘော်လုံးကွင်း၌ ငြိမ်းချမ်းရေးမနောပွဲ ကိုလည်းကောင်း၊ (၁၉၈၅) ခုနှစ်တွင် ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာ၌ စုပေါင်းကောက်သစ်စားပွဲမနောပွဲနှင့် (၁၉၉၄)ခုနှစ်တွင် လာချိဒ်စာပေနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်မနောပွဲကိုလည်းကောင်း၊ (၂၉၉၈) ခုနှစ်၌ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ဂျန်ခမ်မနောပွဲကိုလည်းကောင်း အသီးသီးအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြသည်ကို သမိုင်းအစဉ်အလာကောင်းများအရ လေ့လာတွေ့ရှိရပါကြောင်း၊ ယခု ၂၀၂၃ ခုနှစ်တွင် ပြည်နယ်နှင့်နိုင်ငံအဝန်း နေရာဒေသအသီးသီးရှိ လာချိဒ်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ လာရောက်တွေ့ဆုံ စုံစည်းကြပြီး ကောင်းကြီးမင်္ဂလာ ခံယူသော မနောအကဖြစ်သည့် ကျုံးဇွမ်မနောပွဲတော်ကြီးကို အောင်မြင်စွာပြုလုပ် နိုင်ကြသည့်အတွက် လာချိဒ်တစ်မျိုးသားလုံးနှင့် ထပ်တူဝမ်းမြောက်မိပါကြောင်းနှင့် နောင်နှစ်များတွင်လည်း ယခုထက်မက မိုမိုအောင်မြင်အောင် ဆထက်ထမ်းပိုး ကျင်းပ နိုင်ကြစေလိုပါကြောင်း၊ မနောပွဲတော်ကြီး၏ စည်းလုံးညီညွတ်မှုအင်အားမှသည် လူမျိုးနွယ်စုအကျိုး၊ ပြည်နယ်အကျိုး၊ တိုင်းပြည်၏အကျိုးများကို စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ကြစေလိုပါကြောင်း၊ မိမိတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ယခုထက်မက ပိုမိုတိုးမြင့်ဆောင်ရွက်ပြီး ကချင်ပြည်နယ်နှင့် ပြည်ထောင်စုကြီး၏တည်ငြိမ်အေးချမ်း သာယာရေး၊ ဖွံ့ဖြိုးရေးကို အစဉ်ထာဝရရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားရာတွင် ယခုကဲ့သို့ မနောပွဲတော်ကျင်းပပြုနိုင်ခြင်းအားဖြင့် လာချိဒ် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို အခြားတိုင်းရင်းများက ပိုမိုသိရှိနားလည်လာပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပိုမိုရရှိ စေသည့်အပြင် တိုင်းရင်းသားအချင်းချင်း မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မိမိတို့ဒေသ၊ မိမိတို့၏ ပြည်ထောင်စု၊ မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ကျရာ အခန်းကဏ္ဍမှလက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီအတွက် ချီးမြှင့် ထောက်ပံ့ငွေ ကျပ်သိန်း (၂၀၀)ကိုလည်းကောင်း၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်က ထောက်ပံ့ငွေကျပ် (၅) သိန်းကိုလည်းကောင်း အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ရာ ကော်မတီဥက္ကဌ ဦးလဘောင်ဇုန်းဘောမ်က လက်ခံရယူခဲ့ပါသည်။ ယင်းနောက် ရိုးရာအိမ်တော်ရှေ့၌ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး မနောကွင်း ဖွင့်လှစ်ရန် သိက္ခာတော်ရဆရာ မဒိန်းဇုန်းကျန်းက ဆုတောင်းဆက်ကပ်ကောင်းကြီးပေးပြီး မနောကွင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုအောင်၊ ဦးဇခုန်တိန့်ယိန်း၊ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပင်မမနောတိုင်အလှူရှင် ဒူဝါမန်ရှန်ဒိန်ယိန်း၏ဒေါ်ဇရှီခေါဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လာချိဒ် လူငယ် မောင်မယ်များက မနောအဖွင့်သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်သည်တော်များက လာချိဒ်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ လာရောက်တွေ့ဆုံ ဆုံဆည်းကြကာ ကောင်းကြီး မင်္ဂလာခံယူသော မနောအကဖြစ်သည့် ကျုံးဇွမ်မနောအက အဖွင့်မနောအကကို မနောအက ဦးဆောင်သူများနှင့်အတူ ရိုးရာနှင့်အညီ မနောကွင်းအတွင်း လာချိဒ်တိုင်းရင်းသားများ၊ ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသား အားလုံးနှင့်အတူ အတူတကွ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရိုးရာမနောကွင်းနှင့် လာချိဒ် တိုင်းရင်းသားတို့၏ သမိုင်းမှတ်တမ်းများနှင့် ရိုးရာအသုံးအဆောင်ပြခန်းအတွင်း ခင်းကျင်း ပြသထားသည့် လာချိဒ်တိုင်းရင်းသားတို့ ဆင်းသက်လာမှုများ၊ ဘဝနေထိုင်မှုဓလေ့ထုံးစံများ၊ လာချိဒ်စာပေများ၊ ရိုးရာအဝတ်အထည်များ ရက်လုပ်မှုနှင့် ဝတ်စားဆင်ယင်မှုများ၊ အသုံးအဆောင်ပစ္စည်းများ၊ လာချိဒ်တိုင်းရင်းသားဦးဆောင်သူ ဘိုးဘွားများ၏ မှတ်တမ်း များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာမနောပွဲတော်ကို မတ်လ ၂ ရက်မှ စတင်ကျင်းပ ပြုလုပ်ခဲ့ကြပြီး ညပိုင်းတွင် လာချိဒ်တိုင်းရင်းသား အဆိုတော်များ၏ တေးသီးချင်း သီဆိုမှုများ၊ လနတ်သမီးအလှပြိုင်ပွဲများ၊ ဈေးဆိုင်ခန်းများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အပိတ်မနောအကကို ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသူရအောင်တို့ လိုက်ပါလျက် ၁၉-၂-၂၀၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံရှိကြရာ တိုင်းရင်းသားများအလိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများရှိကြပါကြောင်း၊ အဆိုပါယဉ်ကျေးမှုများကိုသိရှိပြီး တိုင်းရင်းသားများအားကိုယ်ချင်းစာတရား၊ ပြည်ထောင်စု စိတ်ဓာတ်တို့နှင့်အညီ နားလည်မှုရှိစွာကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများနှင့်ပတ်သက်၍ ပိုမိုသိရှိထားရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်ဒေသရှိတိုင်းရင်းသားများ၊ ကွယ်ပျောက်လုနီးပါး ဖြစ်နေသောတိုင်းရင်းသားများကိုလည်း ပိုမိုသိရှိကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းများပီပီ ပါတီနိုင်ငံရေးကင်းရှင်းရမည့်အပြင် နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျည်းစည်းကမ်းများနှင့်အညီလိုက်နာရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကိုသိရှိပြီးကျင့်ကြံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဝန်ထမ်းများဖြစ်သည်နှင့်အညီ လူမှု ဆက်ဆံရေးတွင် ပိုမိုကောင်းမွန်မှုရှိသူများဖြစ်ရန်လည်းလိုပါကြောင်း၊ မိမိထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုသိရှိပြီး ကျွမ်းကျင်စွာဆောင်ရွက်တတ်ရန်လိုပါကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင်လည်း စိတ်ဓါတ်ကောင်းမွန်ရန်၊ စည်းကမ်းရှိရန်၊ စည်းရုံးတတ်ရန်နှင့် စည်းလုံးညီညွတ်မှုရှိကြရန်လိုအပ်ပါကြောင်း၊ စည်းရုံးရေးမှူးကောင်းများဖြစ်အောင်လည်း ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ရုံးဝင်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် လျှပ်စစ်မီးနှင့်ရေသုံးစွဲမှုတို့တွင် စနစ်တကျရှိရန်နှင့်ချွေတာသုံးစွဲရန်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကိုသိရှိ နားလည်ပြီး မိမိကျရာကဏ္ဍအလိုက်လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ကြိုးစား ဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက် များနှင့်အညီ သုံးစွဲဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် ကျန်းမာရေး တို့ကိုလည်းအထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက်စစ်ကိုင်းတိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဦးစီးဌာန(၂)ခုမှတာဝန်ခံအရာထမ်းများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် အခက်အခဲများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေးမှုချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြပါသည်။ တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အတွက် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက် ဖွံ့ဖြိုးမှုထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရုံးအမှတ် (၁၄) ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံရှိသည့် နိုင်ငံတစ်ခုဖြစ်သည်ကို အားလုံးသိရှိ ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသည့်တိုင်းပြည် ဖြစ်သောကြောင့် ကျင်းပပြုလုပ်သောပွဲတော်များသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုမှတဆင့် မြစ်ဖျားခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ နှင်းရည်စိုရွှဲ တပို့တွဲလသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် တစ်ဆယ်တစ်လမြောက်ဖြစ်သော ကုံရာသီကာလဖြစ်ပါကြောင်း၊ ထန်းပင်မှ ထန်းပို့များ တွဲကျနေသောလဖြစ်၍ “ထန်းပို့တွဲ” မှ “တပို့တွဲ” ဟု ရွေ့လျားလာခြင်း ဖြစ်ပါကြောင်း၊ တပို့တွဲလနှင့်အတူ ယှဉ်တွဲကျင်းပသည့်ပွဲတော်သည် ထမနဲထိုးပွဲဖြစ်ပါကြောင်း၊ ထမနဲသည် ကောက်ညှင်း၊ အုန်းသီး၊ နှမ်းဆီ၊ နှမ်း၊ မြေပဲ၊ ချင်း(ဂျင်း)တို့ကို စီမံပြုလုပ်ရပြီး စုပေါင်း၍ ပူးပေါင်းဆောင်ရွက်မှုကြောင့်ရရှိလာသော မြန်မာအစားအစာ တစ်မျိုးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနအလိုက် ပြိုင်ပွဲဝင်ကြမည့်သူများအနေဖြင့် ထမနဲတွင် ပါဝင်မည့်ပစ္စည်းများ၏ အချိုးအစားကိုက်ညီမှု ၊ ချိန်သားကိုက် လှုပ်ရှားဆောင်ရွက်တတ်မှု၊ စည်းစည်းလုံးလုံးဆောင်ရွက်တတ်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိမှု၊ စည်းကမ်းတကျရှိမှုတို့ကို ပြသသွားကြရန် အထူးတိုက်တွန်းပြောကြားလိုပါကြောင်း၊ ထမနဲထိုးပြိုင်ပွဲမှတဆင့် မိမိတို့၏ ဦးစီးဌာနကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ မိမိတို့၏ဝန်ကြီးဌာနကို ချစ်မြတ်နိုးဂုဏ်ယူသည့် စိတ်ဓာတ်၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ တိုးတက်ဖြစ်ပေါ် လာအောင်မွေးမြူကြရန် တိုက်တွန်းလိုပါကြောင်း၊ ရှေးမြန်မာမင်းများလက်ထက်က ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်ဝင့်ကြွားစွာ နေထိုင်ခဲ့ကြသည့်နှင့်အညီ မြန်မာ့ရိုးရာ ပွဲတော်များနှင့် ဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာလည်း လက်ခံလိုက်နာကျင့်သုံးသောသူများ မရှိတော့လျှင် ရေများ၏သဘောသဘာဝအတိုင်း မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသကဲ့သို့ မိမိယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်မည့်သူမရှိခဲ့လျှင် ထိန်းသိမ်းစောင့်ရှောက်မည့်နိုင်ငံ၊ တိုင်းပြည်များသို့ ကူးပြောင်း စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ကမ္ဘာလုံးဆိုင်ရာ ကူးလူးဆက်နွယ်မှုအရ ယဉ်ကျေးမှုများ ရောယှက်လာ သည်ကို သတင်းအချက်အလက် မီဒီယာများတွင် တွေ့ရှိလေ့လာနိုင်မည်ဖြစ်သည့်အပြင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်များအနေဖြင့် ဆက်လက်ထိန်းသိမ်းသွားရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်တွင် လူမှုရေးဦးတည်ချက် (၄)ရပ်၏ ဒုတိယအချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာတည်နေသရွေ့ မြန်မာ့ ဓလေ့ထုံးစံများ ပျောက်ပျက်မသွားစေဘဲ အရှည်တည်တံ့၍ နောင်လာနောက်သားများ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် ဓလေ့ထုံးတမ်းများကိုချစ်မြတ်နိုး၍ အစဉ်တန်ဖိုးထား ထိန်းသိမ်းပြီး မိမိတို့ဌာန ကိုယ်စားပြုယှဉ်ပြိုင်မည့် အသင်းများအနေဖြင့် တရားသောယှဉ်ပြိုင် ခြင်းဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်းပြောကြား ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မင်္ဂလာမောင်းတီးခတ်ပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကြောင်း ကြေညာပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုး ယှဉ်ပြိုင်မည့်အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးပါသည်။ ထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စုစုပေါင်း အသင်း (၃) သင်း ပါဝင်ယှဉ်ပြိုင်ကြရာ တတိယဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံး အသင်းအား အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်ကလည်းကောင်း၊ ဒုတိယဆု ရရှိသော တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အသင်းအား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လည်းကောင်း၊ ပထမဆုရရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ကြပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများက တေးသီချင်းဖြင့် ဖျော်ဖြေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ ဆုရရှိသော ထမနဲများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ပြိုင်ပွဲဝင်အဖွဲ့များသည် စည်းလုံးညီညွှတ်မှု အားကောင်းကောင်းဖြင့် တက်ကြွစွာပါဝင်ယှဉ်ပြိုင် ကြကာ ဝန်ထမ်းများကလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားပေးခဲ့ကြကြောင်းသိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန်