ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

14 FEB

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၊ ရခိုင်လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ

  • ရန်ကုန်
  • 14 February 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့လည်ပိုင်း၌ ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၊ ရခိုင်လူမှုရေးအသင်းများနှင့် တွေ့ဆုံခဲ့ပါသည်။

ရှေ့ဦးစွာ ဒုတိယဝန်ကြီးက တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ ဆောင်ရွက်သွားရန်၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်အညီ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ အသင်းအဖွဲ့များအနေဖြင့် မိမိတို့အသင်းများ၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များ လုပ်ကိုင်ရာဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်း၌ ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးခိုင်မာရေး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ မျိုးချစ်စိတ်ရှင်သန်ရေးအတွက် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး သဘောတရားများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများအား ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့ (၂၁) ဖွဲ့မှ တာဝန်ရှိသူများက တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆွေးနွေးတင်ပြပြီး လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။