ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

26 DEC

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ စင်တာဖွင့်ပွဲကျင်းပ

  • တနင်္သာရီတိုင်းဒေသကြီး
  • 26 December 2025

 (၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ စင်တာဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ထားဝယ်မြို့ တိုင်းရင်းသားရေးရာစင်တာရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာတို့က တိုင်းရင်းသားရေးရာစင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး   တိုင်းဒေသကြီးဝန်ကြီးချုပ်က စင်တာဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍  ဖွင့်လှစ်ပေးကာ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

ထို့နောက် အခမ်းအနားကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ယခုတည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာစင်တာသည် တိုင်းရင်းသားများအားလုံးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေးရိပ်မြုံ တစ်ခုလည်းဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံးအတွက်   စကား၊  စာပေ၊  အနုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ၊  သာသနာ၊  မိမိတို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရဆောင်ရွက် သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ် အခမ်းအနားများကို လွတ်လပ်စွာကျင်းပခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊  ထို့ပြင်တိုင်းရင်းသားလူငယ်များ   လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားအနုပညာနှင့် ယဉ်ကျေးမှုသင်တန်းများ၊  အသက်မွေးဝမ်းကျောင်းသင်တန်းများကို  ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း   ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက တိုင်းရင်းသားရေးရာစင်တာကို    တနင်္သာရီတိုင်း ဒေသကြီးအပါအဝင် သုံးခု ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းနှင့်  တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ စင်တာဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Successful TMA Co.,Ltd. မန်နေးဂျင်းဒါရိုက်တာက တိုင်းရင်းသားရေးရာစင်တာအား လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးက    လက်ခံရယူသည်။

ဆက်လက်၍ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီးက ဖိတ်ကြားထားသော ဧည့်သည်တော်များအား စင်တာအထိမ်းအမှတ် အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။