ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

နှစ်အလိုက်လုပ်ငန်းစဉ်များ

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်များ

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်များ

(၁)     နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များနှင့် ဝန်ကြီးဌာန၏ e-Government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် e-Government ဆိုင်ရာ Infrastructure ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် e-Government ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

         (၂)      တိုင်းဒေသကြီး/ပြည်နယ်များရှိ သဘာဝဘေးအန္တရာယ်၊ တိုက်ပွဲအန္တရာယ်များ ခံစားရသော တိုင်းရင်းသားများအား ကယ်ဆယ်စောင့်ရှောက်‌ကူညီထောက်ပံ့ခြင်း ဖြင့် တိုင်းရင်းသားများ၏ ဒေသများအတွင်း လူမှုရေး၊ စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုများကို ပြန်လည် မြှင့်တင်ပေးနိုင်ရန်အတွက် ဆောင်ရွက်သွားမည်။

         (၃)     တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်အညီ တိုင်းရင်း သားတို့သည် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ရိုးရာလက်မှုပစ္စည်း ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေရန်တို့ အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများသို့ ထောက်ပံ့ခြင်းနှင့် နေပြည်တော်အတွင်း နေထိုင်ကြသည့် ကရင်၊ ကယား၊ ချင်းနှင့်ရခိုင်တိုင်းရင်းသား တို့၏ နေ့ထူးနေ့မြတ်ပွဲများကို ကျင်းပနိုင်ရန်အတွက် ထောက်ပံ့ပေးခြင်းကို ဆောင်ရွက်သွားမည်။           

         (၄)     တိုင်းရင်းသားတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ကြမည့် ဝန်ထမ်းများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ ပို့ချမှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် ပြည်တွင်း/ပြည်ပလေ့လာရေး ခရီးစဉ်များ၊ ဘွဲ့လွန်သင်တန်းများ၊ ဝန်ကြီးဌာနတွင်း ရိုက်ကူးရေးအဖွဲ့ (Media Cover) ဖွဲ့စည်း ထားရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် သတင်းရေးသား ခြင်း၊ မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း ဆိုင်ရာ သင်တန်းများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ဖွင့်လှစ်သည့် သင်တန်း များသို့ ဝန်ထမ်းများ စေလွှတ်သွားမည်။

         (၅)     မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၅)၊ နည်းဥပဒေ (၂၀)နှင့် (၂၁) အရ စီမံကိန်းဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို စီစဉ်ဆောင်ရွက်သွားမည်။

         (၆)     ဒေသအလိုက် တိုင်းရင်းသားများအား စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် တိုင်းရင်းသားလူငယ်များအား အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းများကို ဆောင်ရွက်သွားမည်။

         (၇)     တိုင်းရင်းသားများ ဗဟုသုတမြင့်မားလာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုကို ရရှိစေရေး လေ့လာရေးခရီးစဉ်များ နှစ်စဉ်ကျင်းပပြုလုပ်ခြင်းနှင့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝမြှင့်တင်ရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းများနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များ၊ အခြားသိမှတ်ဖွယ်ရာများအား တိုင်းရင်း သားဘာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်။

         (၈)     တိုင်းရင်းသားစာပေများ တိမ်ကောပပျောက်မှုမရှိစေရေး တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/မများ ခန့်ထားနိုင်ရေးနှင့် တိုင်းရင်းသားဘာသာစကားများကို အခြေခံသည့် သင်ရိုးပြဋ္ဌာန်းနိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားမည်။

         (၉)     တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များအား မြန်မာ+တိုင်းရင်းသားဘာသာ (၂) ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေခြင်း၊ တိုင်းရင်းသားများနှင့်သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်၊ စကားပုံ၊ စကားထာ၊ အမည်နာမမှည့်ဆိုခြင်း၊ အထင်ကရပုဂ္ဂိုလ်များ၊ ခေတ်ဟောင်း တေးသီချင်း၊ ဂီတသံစဉ်များ၊ ခေတ်အလိုက် ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု စသည့် မှတ်တမ်းစာအုပ်များနှင့် တိုင်းရင်းသား မဂ္ဂဇင်းစာအုပ်များ ထုတ်ဝေခြင်း၊ တိုင်းရင်း သားအမွေအနှစ်များဖြစ်သော ဝတ်စားဆင်ယင်ပုံ အဆင့်ဆင့်နှင့်အသုံးအဆောင် ပစ္စည်းများ စုဆောင်း၍ ပြခန်းပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွား မည်။

         (၁၀)   အခြေခံလိုအပ်ချက်ဖြစ်သော ရုံးသုံးပရိဘောဂ၊ ရုံးအဆောက်အဦ၊ ရုံးသုံးစက် ကိရိယာ၊ Non Control Items၊ ယာဉ်နှင့်အခြားပစ္စည်းများကို ပြုပြင်ထိန်းသိမ်း ခြင်းနှင့် အခြားလိုအပ်ချက်များကို ဖြည့်တင်းဝယ်ယူခြင်း၊ တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် အထိမ်းအမှတ်နေ့များတွင် ဖျော်ဖြေရန်အတွက် လိုအပ်သည့် မြန်မာ့ရိုးရာဆိုင်းဝိုင်းနှင့် ဆက်စပ်ပစ္စည်းတူရိယာများ၊ မြန်မာ့ရိုးရာမင်းသားဝတ်စုံ၊ ပျူဝတ်စုံဝယ်ယူခြင်းများကိုလည်း ဆောင်ရွက်သွားမည်။

         (၁၁)   တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့၌ ၎င်းတို့၏ ရိုးရာဓလေ့အရ ဝိသေသ ရှေ့ဆောင် စကားလုံးများ ထည့်သွင်းခြင်းနှင့်အမည်မှည့်ခေါ်ခြင်း၊ တိုင်းရင်းသား ရိုးရာဓလေ့ဖြတ်ထုံးများအား သုတေသနပြု မှတ်တမ်းတင်ခြင်းလုပ်ငန်းများ၊ ဂီတ သံစဉ်၊ ရိုးရာအက၊ တူရိယာပစ္စည်းများနှင့်စပ်လျဉ်း၍ မှတ်တမ်းတင်ခြင်းလုပ်ငန်း များ၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ၊ ရိုးရာအစားအစာများ၊ ရိုးရာအားကစား နည်းများနှင့်တိမ်မြုပ်ပျောက်ကွယ်လုနီးပါး လူမျိုးများအကြောင်း ရုပ်သံမှတ်တမ်းတင် ရိုက်ကူးခြင်းကို ပြုလုပ်ဆောင်ရွက်သွားမည်။

         (၁၂)    တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်၊ အထင်ကရပွဲတော်များ၊ အခမ်းအနားများ နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရေးနှင့် အများပြည်သူတို့၏ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက် ဖြစ်သော (စနေ၊ တနင်္ဂနွေ) နေ့ရက်များတွင် ယဉ်ကျေးမှုရိုးရာအကအလှများ၊ ဖျော်ဖြေတင်ဆက်ခြင်းကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ပြုလုပ်ဆောင်ရွက်သွားမည်။

         (၁၃)   အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အရ ဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား အကောင်အထည်ဖော်‌ ဆောင်ရွက်သွားမည်။

         (၁၄)   တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခုနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့တွင် စာကြည့်တိုက် ထားရှိခြင်းနှင့် စာအုပ်များဝယ်ယူခြင်း ဆောင်ရွက်သွားမည်။

         (၁၅)   ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အဦ RC နှစ်ထပ်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ခြင်း၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အဝင်လမ်း ကွန်ကရစ်ခင်း ခြင်း၊ မွန်ပြည်နယ်နှင့်မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ခြံစည်းရိုးတွင် ဘလိတ်ဓားသွား တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်။

         (၁၆)   ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဖွံ့ဖြိုးတိုးတက်၍ သာယာလှပစေ ရေးအတွက် အထွေထွေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်။     

         (၁၇)   ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ “ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အတွက် ထပ်မံလိုအပ်သော သင်တန်း သားသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စားဖိုဆောင်သုံး ပစ္စည်းများနှင့်ပရိဘောဂပစ္စည်းများဝယ်ယူခြင်းလုပ်ငန်း၊ မီးစက်ထားရှိရန် အဆောက် အဦ ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ဆိုလာလျှပ်စစ်မီးတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်။

         (၁၈)   ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ “ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” တွင် သက်မွေးဝမ်းကျောင်းပညာ သင်တန်းများဖွင့်လှစ်ခြင်းနှင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ဆောင်ရွက်ခြင်း၊ လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် အုပ်ချုပ်မှုသုံးမော်တော်ယာဉ်များကို သက်ဆိုင်ရာသို့ တင်ပြတောင်းခံ ဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်။