လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
- နေပြည်တော်
- 14 March 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တတ်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဤသင်တန်းကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ တတ်မြောက်လာသည့်နည်းပညာကို အသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်း နည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက် (၃)ရပ်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟူ၍ ပါရှိပါကြောင်း၊ အဆိုပါဦးတည်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနသည်လည်း နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ MSME လုပ်ငန်းများ ကျယ်ပြန့်လာစေရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ထို့အပြင် “ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ”ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်နိုင်ခဲ့ပြီး (၅-၂-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ အေးသာယာမြို့၌ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါစင်တာတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများသို့ လာရောက်သင်ယူ ကြသည့် သင်တန်းသားများအတွက် နေစရိတ်၊ စားစရိတ်ငြိမ်း စီစဉ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းက သင်ကြားပို့ချပေးသည့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို ကြိုးစားသင်ယူပြီး တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရေးအတွက် ပြန်လည်အသုံးချနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင် အသေးစားလုပ်ငန်းများကို ထူထောင်နိုင်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းမှသည် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်ကို အထောက်အကူပြုနိုင်သည့် စီးပွားဖြစ်လုပ်ငန်း များဆီသို့ တက်လှမ်းနိုင်ရေးအတွက် မိမိကျရာအခန်းကဏ္ဍမှ အားကြိုးမာန်တက် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တာဝန် တစ်ရပ်အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ဟူ၍ ပါရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်ကြားပို့ချသည့် လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို အောင်မြင်စွာတတ်မြောက်၍ မိမိ ဒေသ ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားပြည်သူများအား အသိပညာ၊ နည်းပညာများ ပြန်လည်မျှဝေ သင်ကြားပေးနိုင်သူများဖြစ်ရန် ကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် One Village One Product (OVOP) ဖြင့် နိုင်ငံအများစုသည် စီးပွားရေး အောင်မြင်မှု ရရှိလာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ကျေးရွာတစ်ခု ထုတ်ကုန် တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု(One Region One Product) ဟူသော အစီအစဉ်များဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော်က ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့နှင့် အညီ MSME လုပ်ငန်းများအား ဖွံဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ပို့ချ ပေးသည့် ယခုသင်တန်းသည် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ပါစေကြောင်း ပြောကြားပါသည်။
ထို့နောက် သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် အသုံးပြုမည့် အထောက်အကူပစ္စည်း များကို လိုက်လံကြည့်ရှုပြီး သင်တန်းနည်းပြများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ယခုသင်တန်းကို (၁၄-၃-၂၀၂၄) ရက်နေ့မှစ၍ (၅) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်