ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

23 AUG

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) ဆောက်လုပ်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

  • ပဲခူးတိုင်းဒေသကြီး
  • 23 August 2026

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြို့ကြီးရပ်ကွက်တွင် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) တည်ဆောက်မည့်မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။

          ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းစင်တာတည်ဆောက်မည့် မြေဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များမှာကြားပါသည်။

ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဌာနပိုင်မြေပေးမိန့်ရရှိရန်အတွက် ဆောင်ရွက်ထားရှိမှု၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) တည်ဆောက်မည့် စီမံကိန်းအပိုင်း ၅ ခု၏ မြေနေရာများနှင့် တည်ဆောက်မည့်အဆောက်အဦများ၊ ဘဏ္ဍာရေး နှစ်အလိုက် စီမံကိန်းလျာထားဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြပါသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့သည် နိုင်ငံတော်က Smart City အဖြစ် ဘက်စုံအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေသည့်မြို့ဖြစ်သည့် အတွက် ယခုဆောက်လုပ်မည့် သင်တန်းစင်တာသည်လည်း အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ပါကြောင်း၊ သင်တန်းစင်တာ ဆောက်လုပ်ရန်အတွက် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ စီမံကိန်းအပိုင်း ၅ ခုကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်နှင့် ဘဏ္ဍာရေးနှစ်ကာလအတွင်း သတ်မှတ်စံချိန်စံညွန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် တည်ဆောက်နိုင်ရေးကို တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ကွပ်ကဲရန်လိုကြောင်း မှာကြားပါသည်။

          အဆိုပါ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး သင်တန်းစင်တာတည်ဆောက်ပြီးစီးပါက ဒေသခံတိုင်းရင်းသားလူငယ်များအား ဒေသနှင့် ကိုက်ညီသည့် ပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အလုပ် အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။