ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

17 AUG

ပြည်ထောင်စုဝန်ကြီးဦးသန်းမောင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (နေပြည်တော် - တပ်ကုန်း)ရှိ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC Channel) ရိုက်ကူးထုတ်လွှင့်မှုများအား ကြည့်ရှုလေ့လာ

  • တပ်ကုန်းမြို့
  • 17 August 2026

တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းတို့ကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် တိုင်းရင်းသားများ၏ Activity များအား မှတ်တမ်းထားရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊  တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း(NRC)၏ ရိုက်ကူးထုတ်လွှင့်မှုများအား လေ့လာနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် ဌာနအကြီးအကဲများသည် ဒီကနေ့ မနက်ပိုင်းက နေပြည်တော်၊တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်ကြည့်ရှု လေ့လာသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသန်းမောင်နှင့်တာဝန်ရှိသူများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားဝန်ထမ်းများက “ချစ်သောပြည်ထောင်စု” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး“ နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းစွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကိုပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသန်းမောင်က NRC Channel ရိုက်ကူးထုတ်လွှင့်မှုအား လေ့လာသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အဦရှိ Convergence News Room တွင် NRC Channel မှ ဝန်ထမ်းများ သတင်းတည်းဖြတ်နေမှု၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC Channel ) ထုတ်လွှင့်သည့် Presentation Room 2 ၊ News Studio 2 တွင် NRC Channel မှ ဝန်ထမ်းများ၏ သရုပ်ပြ သတင်းတင်ဆက်နေမှု၊ တိုင်းရင်းသား Radio Recording Studio တွင် “သူ့အလှည့်ရွေးသီတေးပန်းချီ” အစီအစဉ် အသံသွင်းနေမှု၊ Virtual Studio တွင် NRC Channel မှ ဝန်ထမ်းများ၏ “ဆွေညီနောင်များ ဘာသာစကားဖြင့် ရင်းနှီးချစ်ကြည်စေမည်” ဘာသာစကား အစီအစဉ် ရိုက်ကူးနေမှုနှင့်  Audio Mastering Studio တွင် တိုင်းရင်းသားဝန်ထမ်းများ၏ နေပြည်တော်တီးဝိုင်းဖြင့် သီဆိုလေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့်စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက် ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယို အစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှု လေ့လာ ခဲ့ကြကြောင်း သိရသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း(MRTV- NRC)Channel ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်၍ Digital စနစ်ဖြင့် ကချင်၊ ကယား၊ စကော ကရင်၊ အရှေိ့ပိုးကရင် ၊ အနောက်ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း ၊ဝ တိုင်းရင်းသားဘာသာ (၁၁)မျိုးအား နေ့စဉ်မနက်(၆)နာရီမှ ည(၁၁)နာရီအထိ တစ်နေ့လျှင် (၁၇)နာရီ ထုတ်လွှင့် လျက်ရှိ ပါသည်။ အဆိုပါ တိုင်းရင်းသားဘာသာများအနက် ကချင်၊ ကယား၊ မွန်၊ ရခိုင်၊ရှမ်း၊ ဝ ဘာသာတို့အား (၂)နာရီစီဖြင့် လည်းကောင်း၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင် နှင့် ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)တို့အား (၁)နာရီစီဖြင့် လည်းကောင်း ထုတ်လွှင့်နေပြီး ပင်မသတင်း - ဒေသသတင်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အက ဓလေ့ထုံးတမ်းများ၊ ထူးခြား ထင်ရှားသည့် နေရာများ၊ ရုပ်သံမှတ်တမ်းအစီအစဉ်များအား  ထည့်သွင်းထုတ်လွှင့် ပေးလျက်ရှိပါ သည်။ အလားတူ မြန်မာ့အသံ(ရေဒီယို)မှလည်း တိုင်းရင်းသားဘာသာ (၁၁)ဘာသာ အပြင် ကယန်း၊ ဂေခို ၊ ဂေဘား၊ ဓနု ၊ ပအိုဝ်း ၊ ကိုးကန့် ဘာသာတို့ အပါအဝင် (၁၇)မျိုးဖြင့် ရန်ကုန်နှင့် နေပြည်တော်ရှိ အသံလွှင်ရုံများမှာ MW နှင့် SW များ ဖြင့် နေ့စဉ် (၁၃)နာရီ ထုတ်လွှင့်ပေး လျက်ရှိကြောင်း သိရပါသည်။