တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေး
- တောင်ကြီးမြို့နယ်
- 23 September 2026
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများလိုက်ပါလျက် အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းစင်တာအတွင်းရှိ အလုပ်ရုံဆောင်၊ စားရိပ်သာဆောင်၊ သင်တန်းခန်းမဆောင်များနှင့် သင်တန်းသူ/သင်တန်းသားအိပ်ဆောင် များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားပါသည်။
ယင်းနောက် သင်တန်းစင်တာတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံပြီး တာဝန်ခံ ညွှန်ကြားရေးမှူးက သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နေမှုများ၊ ဖွင့်လှစ်သွားမည့်သင်တန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်းပြီး power point ဖြင့်ရှင်းလင်းတင်ပြကာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကို ချိုးခြံချွေတာပြီး အကျိုးရှိရှိအသုံးပြုနှင့် ဘဏ္ဍာရေးလုပ်ထုံး/လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားပါသည်။
ယင်းနောက် သင်တန်းစင်တာ၌ ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စခန်းသွင်းလေ့ကျင့်နေသည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် တိုင်းရင်းသားလူငယ်မောင်မယ်များ၏ ပြိုင်ပွဲဝင် လေ့ကျင့် နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းစင်တာ ပင်မခန်းမဆောင်အတွင်း၌ တွေ့ဆုံအားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။