ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် ဝန်ကြီးဌာနရှိ ဝန်ထမ်း သား/ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ
- နေပြည်တော်
- 04 September 2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့် ဝန်ကြီးဌာနရှိဝန်ထမ်း သား/ သမီး များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ နေပြည်တော် တိုင်းပညာရေးမှူး၊ နေပြည်တော် ပျဉ်းမနား MSME မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုုးများ ရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 အထိ ပညာသင်ယူနိုင်ရေး၊ ကျောင်းထွက်နှုန်းလျော့နည်းရေး စသည့်အစီအစဉ်များကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးသည် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သည့် အတွက် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်၍ မျိုးဆက်သစ်များ မွေးထုတ်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြ ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသရှိ ကရင်၊ ကယန်းနှင့် ပအိုဝ်း တိုင်းရင်းသားများနှင့် ဌာနရှိဝန်ထမ်း သား/ သမီးများအနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်များတွင် ပညာသင်ယူနေသည့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၂၁၅)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် မျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ တိုက်တွန်း နှိုးဆော်ခြင်းပင်ဖြစ်ပါကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသာမက လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်ရာ မိဘများအနေဖြင့် မိမိတို့၏ သားသမီး များအား ထူးချွန်ထက်မြက်သူများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးကြစေလိုပါကြောင်း ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း အသိပညာ၊ အတတ်ပညာကြွယ်ဝပြီး ဗလငါးတန်ဖြင့် ဘက်စုံတော်သည့် လူတော်လူကောင်းများ ဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန်နှင့် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားများ အကျိုးကို ရှေးရှု၍ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင် တို့က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ကာ အမြဲတမ်းအတွင်းဝန်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် တက်ရောက်နေသော ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့ပါသည်။
၎င်းနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၄) ဘာသာဂုဏ်ထူးရှင် ကရင်ဖြူတိုင်းရင်းသူ မမြတ်စုဝင်းက ကျောင်းသား/ကျောင်းသူများကိုယ်စား ကျေးဇူတင်စကား ပြောကြားပါသည်။
ပြီးနောက် ကရင်၊ ကယန်း၊ ပအိုဝ်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအက အလှများဖြင့် ဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသရှိ တိုင်းရင်းသားများနှင့်ဝန်ကြီးဌာနရှိ ဝန်ထမ်း သား/သမီးများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ များနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် နေပြည်တော် ပျဉ်းမနားတောင်ပေါ်ဒေသမှ MSME ထုတ်ကုန်များနှင့် ဝန်ကြီးဌာနရှိ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများအတွင်း ခင်းကျင်းပြသထားသော တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုများ၊ တူရိယာများနှင့် အသုံးအဆောင်ပစ္စည်းများကို စိတ်ဝင်တစား လှည့်လည် ကြည့်ရှုကြကြောင်း သတင်းရရှိပါသည်။