တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဘင်းမ်စတက် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ်သို့ တက်ရောက်ခဲ့သူများ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲ အခမ်းအနားကျင်းပ
- နေပြည်တော်
- 11 May 2026
အိန္ဒိယနိုင်ငံ၊ ဘန်ဂလောမြို့နှင့် ဘူဘန်နက်ရှ်ဝါမြို့တို့တွင် ဧပြီလအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် “ဘင်းမ်စတက်(BIMSTEC) လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ်”သို့ တက်ရောက်ခဲ့သည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ (၁၁-၅-၂၀၂၆) နံနက်ပိုင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်း အနားသည် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း “ဘင်းမ်စတက် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ်”သို့ တက်ရောက်ခဲ့ကြသည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ လူငယ် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်ပခရီးစဉ် စေလွှတ်ခံရပြီး ပြန်ရောက်လာသည့်အခါ အတွေ့အကြုံ မျှဝေရှင်းလင်းသည့် အစဉ်အလာ ကောင်းများကို ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ် တက်ရောက်ခဲ့ကြသူများအနေဖြင့် မိမိတို့လေ့လာ သိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဝေမျှရှင်းလင်းရုံမျှသာမက ကိုယ်တိုင်ထိုးထွင်းသိမြင်မှု၊ သုံးသပ်ဆင်ခြင်မှု၊ တီထွင်ဖန်တီးနိုင်မှု နှင့်ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ဖြင့် နိုင်ငံတကာမှ လူငယ်များနှင့်ဆက်ဆံရေး အခန်းကဏ္ဍများကို ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခု တက်ရောက်လာသော ဝန်ထမ်းများအနေဖြင့်လည်း ယနေ့ ရှင်းလင်းပြောကြားသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဂရုပြုမှတ်သားလိုက်နာကြပြီး နောင်တစ်ချိန်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ရွေးချယ် စေလွှတ်ခြင်းခံရပါက နိုင်ငံတကာနှင့်ရင်ဘောင်တန်း ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး မိမိတို့၏ အရည်အချင်း၊ အရည်အသွေး၊ မြင့်မားမှသာ မိမိ၏ ဌာနအကျိုး၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့အတွက် အကျိုးရလဒ် ကောင်းများရရှိစေရေး ဦးတည်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာ စဉ်ဆက်မပြတ် လိုက်နာ၍ ဆတက်ထမ်းပိုး ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။
ထို့နောက် အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သော ဘင်းမ်စတက် လူငယ်ခေါင်းဆောင်မှု ဆိုင်ရာ ဖလှယ်ရေးအစီအစဉ်သို့ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ၁၀ ရက်တာ တက်ရောက်ခဲ့သည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ လူငယ်ကိုယ်စားလှယ်များဖြစ်သော ဦးရဲထက်ပိုင်နှင့် ဒေါ်မီကိုခန့်တို့က မိမိတို့၏ အတွေ့အကြုံဗဟုသုတများကို Powerpoint များ၊ Video Clip များ၊ မှတ်တမ်းဓါတ်ပုံများဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။