ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

20 MAY

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

  • ဧရာဝတီတိုင်းဒေသကြီး
  • 20 May 2026

           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်၊ ရခိုင်ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ပုသိမ်မြို့ရှိ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်နှင့် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်တို့က အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။

          ယင်းနောက် ကရင်၊ ချင်းနှင့် ရခိုင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသားဘာသာစာပေသင်ကြားရေးဆိုင်ရာများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းမှု ကိစ္စများ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပါသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင် နေသောဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြား ရာတွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေး ရသည့်ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများအတွက် ဒေသနှင့်သင့်လျော်သည့် သင်တန်းများဖွင့်လှစ်ပေးပြီး ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရန်လိုပါကြောင်း၊ ဒေသခံလူငယ်များအား လူမှုဘဝဖွံ့ဖြိုးရေးသင်တန်းများဖွင့်လှစ် ပေးခြင်းသည် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဒေသများတည်ငြိမ်အေးချမ်းမှ နိုင်ငံတော်အေးချမ်းမည်ဖြစ်ပြီး နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်သည့်လုပ်ငန်း တာဝန်များကို  ကျေပွန်စွာကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

          ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး များက လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြရာ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။