နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ
- နေပြည်တော်
- 23 April 2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)တို့မှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၀-၄-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေး၊ ယင်းနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားနှင့် (၂၁-၄-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့တွင် ပြောကြား ခဲ့သည့် လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများ အားလုံးသိရှိလိုက်နာပြီး အလေးအနက်ထား ဆောင်ရွက်ကြရန် ယခုကဲ့သို့ ထပ်ဆင့်ရှင်းလင်းခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အဓိကထားမှာကြားပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အပြန်အလှန် အမှီသဟဲပြုနေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကထက် ပိုမိုအားသွန်ခွန်စိုက် ကြိုးပမ်းပြီး လာမည့် ရက်(၁၀၀)အတွင်း ထိရောက်သည့် အောင်မြင်မှုရရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး အရည်အချင်းပြည်ဝစွာဖြင့် စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်ပြီး တစ်ဦးချင်းကောင်းမှ အဖွဲ့အစည်းကောင်းမည်ဖြစ်၍ အဖွဲ့အစည်းကောင်းမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ ဥပဒေ၊ နည်းဥပဒေများ ကိုလည်း ကျေကျေညက်ညက် လေ့လာပြီး နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။