ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

28 APR

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများအား သွားရောက် ကြည့်ရှုစစ်ဆေးခြင်းနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ် ဆောင်ရွက်နိုင်ရေး အစည်းအဝေးသို့ တက်ရောက်

  • နေပြည်တော်
  • 28 April 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၂၂၁၆ အနီရောင် အဆင့် ပြန်လည်ပြုပြင်ခြင်း  လုပ်ငန်းများအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ဦးစွာ Noble Swamm ကုမ္ပဏီမှ တာဝန်ရှိသူများက တိုက် ၂၂၁၆ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး အဆောက်အဦကို ငလျင်ဒဏ်ခံနိုင်မှု ရစ်ချ်တာစကေး ၈ အဆင့်အထိ ခံနိုင်ရည်ရှိရန် Strengthening design ဖြင့် Retrofitting ပြုလုပ်လျက်ရှိကြောင်းနှင့် အဆောက်အဦ  ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  အဆိုပါ အဆောက်အဦ ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောလျင်စွာပြီးစီးရေး၊ ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြစ်သည့်အတွက် စေတနာထား ဆောင်ရွက်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ ဆောက်လုပ်ထားသော ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီနေထိုင်ရာ Container House များတွင် ဝန်ထမ်းများမိသားစုအလိုက် နေအိမ်နေထိုင်မှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအနေဖြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ကြစေရေး မှာကြားပြီး အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

ယင်းနောက် နေ့လယ်ပိုင်းတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့် တိုင်းရင်းသားရေးရာလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က Online စနစ်ဖြင့်  တက်ရောက်ကြပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တိုင်းရင်းသားရေးရာလုပ်ငန်းများ ဆောင်ရွက်မှုနှင့် သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သို့ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန် ညှိနှိုင်းနိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ပြီး တာဝန်ရှိသူများအားလုံးအနေဖြင့်  တိုင်းရင်းသားလူမျိုးများ၏ အမျိုးဘာသာ၊ သာသနာ၊  စာပေယဉ်ကျေးမှုများ မှေးမှိန်မပျောက်ပျက်စေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုရှေးရှု၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားပါသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က Online စနစ်ဖြင့်ဆွေးနွေးကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆက်လက်ဆွေးနွေးကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပါသည်။

၎င်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။