တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများနှင့် တွေ့ဆုံ
- ရန်ကုန်မြို့
- 02 August 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် တာဝန်ထမ်းဆောင်နေသော တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistant(TA) နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher (LT) ဆရာ/ဆရာမများနှင့် တွေ့ဆုံ ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ယနေ့ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရသည့်အကြောင်းရင်းသည် ဆရာ/ဆရာမများ ကြုံတွေ့နေရသည့်အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရန်နှင့် ပိုမိုတိုးတက်သင်ကြားနိုင်ရန် ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဘာသာစကားပေါင်း ခုနှစ်ထောင် ကျော်ရှိပါကြောင်း၊ ထိုဘာသာစကားပေါင်း မြောက်များစွာရှိသည့်အနက် ကျင့်သုံးပြောဆိုမှု၊ သင်ယူမှုများ အားနည်းသင့်အတွက်ကြောင့် နှစ်စဉ် ပျောက်ကွယ်မှုများနှင့် ရင်ဆိုင်နေကြရ သည်ကို သိရှိရပါကြောင်း၊ မိမိတို့ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ တိုင်းရင်းသားလူမျိုးတိုင်းတွင် တာဝန်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် တိုင်းရင်းသားဘာသာစကားပေါင်းများစွာ ရှိသည့်အလျောက် ရေရှည်တည်တံ့ခိုင်မြဲ စေရန်အတွက် နိုင်ငံတော်က ၂၀၁၃ ခုနှစ်မှစပြီး တိုင်းရင်းသားဘာသာစာပေများကို အခြေခံပညာကျောင်းများတွင် ကျောင်းချိန်ပြင်ပ သင်ကြားခွင့်ပြုပေးခဲ့ပါကြောင်း၊ ပညာရေး သင်ကြားရာတွင် ဘာသာစကားအဟန့်အတားကြောင့် ကျောင်းထွက်မှုနှုန်းလျော့နည်း စေရန်ရည်ရွယ်ပြီး တိုင်းရင်းသားဘာသာစကားဖြင့် ထပ်ဆင့်ရှင်းလင်းသင်ကြားပေးသည့် တိုင်းရင်းသားဘာသာသင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး အတွက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ယနေ့အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မြေပြင်တွင် မိမိတို့ကြုံတွေ့ရသည့် အခက်အခဲများကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြစေလိုပါကြောင်း၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားစာပေ သင်ကြားရေး အထောက်အကူပြု Teaching Assistant(TA) နှင့် တိုင်းရင်းသားဘာသာ စာပေသင် Language Teacher (LT) ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှုများနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပါသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများက ခွင့်ခံစားရရှိရေး၊ အမြဲတမ်းဝန်ထမ်းအဖြစ် ကူးပြောင်းခွင့်ရရှိရေး၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးနိုင်ရေးကိစ္စရပ်များနှင့် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။