မြစ်ကြီးနားမြို့၌ ကျင်းပသည့် ရိုးရာကောက်သစ်စားပွဲတော်သို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ တက်ရောက်
- ကချင်ပြည်နယ်
- 15 November 2025
ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် ဆန်စပါးနှင့် ကောက်ပဲသီးနှံရိတ်သိမ်းပြီးချိန်တွင် ကျင်းပသည့် ရိုးရာကောက်သစ်စား (အင်လုံ အင်နန်ရှား) ပွဲတော်ကို ယခု ၂၀၂၅ ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှု အသင်းချုပ်တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဌာနေတိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မနောကွင်းအတွင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ဝမ်ပေါင် ဘင်ခရာအဖွဲ့၊ ရိုးရာဧည့်ကြိုအကအဖွဲ့၊ ဘင်ခရာပန်းဖွားအဖွဲ့တို့က ကြိုဆိုကြသည်။
ထို့နောက် ရိုးရာကောက်သစ်စားပွဲတော် မုခ်ဦး၌ ကက်သလစ်အသင်းတော် ဖာသာ ဒေါက်တာယုံဝါက အမွှေးနံ့သာရည် ပက်ဖျန်း၍ ကောင်းချီးတောင်းခံ ဆုတောင်းပေးပြီး ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှု အသင်းချုပ်ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ သိက္ခာတော်ရ ဆရာတော်များ၊ တိုင်းရင်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ရိုးရာကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲအခမ်းအနားကို ခန်းမ၌ ဆက်လက်ကျင်းပရာ ဝမ်ပေါင်ဘင်ခရာအဖွဲ့ ဦးဆောင်၍ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကောက်ဦးပလိုင်းများကို သယ်ဆောင်နေရာချထားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကောက်သစ်စားပွဲတော်၏ အနှစ်သာရဖြစ်သည့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဘိုးဘေးများ၏ ရိုးရာဓလေ့ကို တန်ဖိုးထားထိန်းသိမ်းခြင်းနှင့် ဆန်ရေစပါးပေါကြွယ်ဝခြင်းကို ဖော်ဆောင်ပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ခြင်းကို ထုတ်ဖော်ပြသခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက်သာမက ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုတို့ ယခုထက်ပိုမိုတိုးတက် မြင့်မားလာပါစေကြောင်း ပြောကြားသည်။
ထို့နောက် ဘာသာရေးအသင်းအဖွဲ့ အသီးသီးမှ ဖာသာများ၊ သိက္ခာတော်ရဆရာများက ဦးဆောင်၍ အဖွင့်ကျမ်းစာဖတ်ကြားခြင်း၊ ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်းနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူလေးများ၏ ကောက်ပဲသီးနှံ တေးကဗျာရွတ်ဆိုခြင်း၊ ဓမ္မဒေသနာတော် ဟောပြောခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ကောက်ဦးပလိုင်း လက်ဆောင်များကို အခမ်းအနားတက်ရောက်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုအကြံပေးအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များထံ ပေးအပ်ကြသည်။
ဆက်လက်၍ အစားအသောက်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဓမ္မတေးသီချင်း သီဆိုခြင်းနှင့် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားမျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဒေသခံတောင်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ တစ်နှစ်တာအတွင်း အဦးအဖျားရရှိသော ကောက်သစ် (ဆန်)ဖြင့် ချက်ပြုတ်ထားသော နေ့လယ်စာကို အတူတကွ ရင်းနှီးနွေးထွေးစွာ သုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် မြစ်ကြီးနားမြို့ အမှတ်(၂) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ရာ သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကချင်ပြည်နယ်ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ နယ်စပ်ဒေသရှိ ဝေးလံခေါင်ဖျားသော ဒေသများမှ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအားစုစည်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် တက်ရောက်ပညာ သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းကျောင်းများမှ အခြေခံပညာ တတ်မြောက်ပြီးပါက အဆင့်မြင့်ပညာရပ်များအား ဆက်လက်သင်ကြားနိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလို ကျောင်းသားအရွယ် ကတည်းက တိုင်းရင်းသားတိုင်းကို ချစ်ခင်လေးစားတတ်ရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်မွေးရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ရိပ်သာနှင့်ဝန်ထမ်းအိမ်ရာများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အိပ်ဆောင်များနှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ ဧရာရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာလိုင်းခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေစက်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ရုံးအတွင်းရှိ ဌာနေတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှု ပြသထားသော ပြခန်းအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်နယ်တာဝန်ခံက ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအလိုက် အရာထမ်း/ အမှုထမ်းဝန်ထမ်းများက အသီးသီး မိတ်ဆက်တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်အောင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုနှင့်ယုံကြည်မှုပျက်ပြားစေနိုင်သောအချက်များကို ဖော်ထုတ်ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။