လူမျိုးပေါင်းစုံ ယဉ်ကျေးမှု ဖလှယ်ပွဲနှင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ
- ကချင်ပြည်နယ်
- 16 November 2025
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် မြန်မာ-တရုတ်-အိန္ဒိယကုန်စည်စီးဆင်းဖလှယ်ရေး အသင်းဥက္ကဋ္ဌတို့က လူမျိုးပေါင်းစုံယဉ်ကျေးမှု ဖလှယ်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည့် ဂျိန်ဖော့၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်းဝါး၊ လီဆူ၊ ရဝမ် မျိုးနွယ်စု ခြောက်မျိုး၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသည့် ရှမ်းမျိုးနွယ်စု ငါးမျိုး၊ ဗမာတိုင်းရင်းသားမျိုးနွယ်စုတို့နှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိကြသည့် ကရင်၊ ရခိုင်၊ ချင်း တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု အကအဖွဲ့များ၊ တရုတ်၊ ဂေါ်ရခါး၊ ဆစ်ယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်းအကအဖွဲ့ ၂၂ ဖွဲ့တို့က ရိုးရာယဉ်ကျေးမှုအလိုက် ဓလေ့ထုံးစံများကို ထုတ်ဖော်ပြသသည့် တေးသီချင်း၊ သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေကပြ တင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အကအဖွဲ့ ၂၂ ဖွဲ့ အတွက် တစ်ဖွဲ့လျှင် ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၂၀ ကို အကအဖွဲ့များထံ ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်း၌ကျင်းပသည့် ကချင်ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးကြသည်။
ဗိုလ်လုပွဲစဉ်အဖြစ် လာချိဒ်တိုင်းရင်းသား မျိုးနွယ်စုဘောလုံးအသင်းနှင့် ဇိုင်းဝါးတိုင်းရင်းသားမျိုးနွယ်စု ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ဇိုင်းဝါးမျိုးနွယ်စုအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက အသင်းလိုက် တတိယဆုရသည့် လော်ဝေါ်မျိုးနွယ်စုအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အသင်းလိုက် ဒုတိယဆုရ လာချိဒ်မျိုးနွယ်စုအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပထမဆုရ ဇိုင်းဝါး မျိုးနွယ်စုအသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၃၀ နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။